အာဒ်ဝင်းတူးကာလတတိယသီတင်းပတ်၊
၁၁.၁၂.၂၂ (တနင်္ဂနွေနေ့)
ရှင်မာတေဦး ၁၁:၂-၁၁
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
ယောဟန်ဗတ္တိစတားဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ခြိုးခြံချုပ်တည်းခြင်းအသက်တာနဲ့နေထိုင်ပြီး အလွန်သန့်ရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်တာတောင် ခရစ်တော်ကို မက်ဆီးယားအရှင်သခင်အဖြစ် ယုံကြည် လက်ခံဖို့ မသေချာတဲ့အခြေအနေတွေကို တွေ့မြင်ရပါတယ်။ ကျွန်ုပ်တို့လူသားများဟာဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုအပေါ်မှာ မိမိတို့ရဲ့အတွေးအမြင်ရှုထောင့်နဲ့ မျှော်လင့်ချက်တွေကိုအခြေခံပြီးဘုရားကို ရှုမြင်တတ်ကြတဲ့သဘောကို တွေ့ရပါတယ်။ ယောဟန်ဗတိ္တစတားဟာလည်း ခရစ်တော်ကို လူမျိုးခြားတို့ရဲ့ လက်အောက်မှာကျရောက်နေတဲ့ မိမိတို့ဂျူးလူမျိုးတွေကို ကယ်တင်ပေးမယ့်ကယ်တင်ရှင် တစ်ဦးအဖြစ် မျှော်လင့်ခဲ့ပါတယ်။ ယောဟန်ဗတ္တိစတားကို ခရစ်တော်ပြန်ပြီး အဖြေပေးလိုက်တာက တော့သူဟာချစ်ခြင်း၊ သနားခြင်းရဲ့အရှင်သခင်ဖြစ်တယ် ဆိုတာပါဘဲ။ လူသားတို့ရဲ့သဘောသဘာဝက ဘုရားစစ်မှန်ခဲ့ရင် တန်ခိုးအာနုဘော်တွေကို ပြသနိုင်ဖို့က အဓိကလိုအပ်ချက်တစ်ခုလို့ ထင်မှတ်ထားကြပါတယ်။ ခရစ်တော်ဟာ သူ့ရဲ့တန်ခိုးအာနုဘော်တွေကို ဖောဖောသီသီပြသပြီး လူတွေရဲ့အာရုံကို ဖမ်းစားဖို့၊ သူ့ကိုယုံကြည်လာဖို့ မဆွဲဆောင်ခဲ့ပါဘူး။ ခရစ်တော်ရဲ့ တန်ခိုးအာနုဘော်တွေဟာ သူ့ရဲ့အနက်ရှိုင်းဆုံးသော ချစ်ခြင်းမေတ္တာနဲ့သနားကရုဏာတော်ကနေ ဖြစ်ပေါ်လာတဲ့အရာတွေ ဖြစ်တယ်ဆိုတာကို တော့လူတွေဟာ သတိမမူမိဘဲရှိနေခဲ့ ကြပါတယ်။ ခရစ်တော်ရဲ့နက်ရှိုင်းလှတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာတော်ရဲ့စွမ်းအားကြောင့်သာ မျက်ကန်းများအလင်းကို ပြန်ရခဲ့တယ်။ ခြေမသန်စွမ်းသူများ လမ်းလျှောက်နိုင်ခဲ့ကြတယ်။ အနာကြီးရောဂါသည်များ စင်ကြယ်ခြင်းကို ရောက်ခဲ့ကြတယ်။ သေသောသူများ အသက်ပြန်ရှင်လာခဲ့ ကြပါတယ်။ ခရစ်တော်ပြသခဲ့တဲ့ တန်ခိုးတော်ကတော့ သူ့ရဲ့အနန္တမေတ္တာရဲ့တန်ခိုးစွမ်းအားသာ ဖြစ်ပါတယ်။ စစ်မှန်တဲ့မေတ္တာတိုင်းမှာ လူတွေအတွက်ဘဝအသစ်ကို ပြန်ရနိုင်တဲ့အစွမ်းတန်ခိုးတွေ ရှိနေပါတယ်။ အနန္တမေတ္တာတော်ရှင်ဘုရားသခင်ဟာ သူ့ရဲ့ချစ်ခြင်း မေတ္တာနဲ့သနားခြင်းကရုဏာတော်ကို အချိန်တိုင်းနေရာတိုင်း အဖြစ်အပျက်တိုင်းမှာ သွန်းလောင်းချ ပေးနေပါတယ်။ ယုံကြည်ခြင်းနဲ့လျှောက်လှမ်းနေသောသူတိုင်းအတွက် ဘုရားရှင်ရဲ့ချစ်ခြင်းနဲ့သနား ခြင်းကိုအခြေအနေတိုင်းမှာ မြင်တွေ့ခံစားနိုင်ပါတယ်။ အခက်အခဲ၊ စုံစမ်းနှောက်ခြင်းနဲ့ ဒုက္ခများကြားမှာတောင် ပျော်ရွှင်မှုကိုရွေးချယ်နိုင်ပြီး ဘဝကိုအဓိပ္ပာယ်ရှိစွာ အသက်ရှင်နေထိုင်နိုင် ကြပါတယ်။ ယုံကြည်ခြင်းဆိုတာဟာ အခက်အခဲများကြားမှာသာမက မိမိတို့ရဲ့အပြစ်အခြေအနေထဲမှာတောင် သခင်ဘုရားရဲ့အချစ်ကို ယုံကြည်စွာလက်ခံပြီးဘဝအသက်တာကို ရဲရဲဝံ့ဝံ့မဆုတ်မနစ်ဘဲ ဆက်လက်လျှောက်လှမ်းနိုင်တဲ့သတ္တိကို ဆိုလိုပါတယ်။
မယုံကြည်သူတို့အတွက်ကတော့ဘုရားသခင်ကိုမေးခွန်း ပေါင်းများစွာနဲ့အပြစ်တင်၊စောဒကတွေတက်ပြီးဘဝကို မကျေမနပ်နဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးပြီး လမ်းပျောက်နေကြရအုံးမှာဖြစ်ပါတယ်။ဒါကြောင့်လည်းခရစ်တော်ကငါ့၌စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏လို့ဆိုခဲ့ခြင်းဖြစ်ပါတယ်။ စိတ်နှလုံးနှိမ့်ချသောသူတို့သာလျှင်ခရစ်တော်ရဲ့သတင်းစကားတော်ကို အကြွင်းမဲ့ယုံကြည်ကိုးစားပြီးလက်ခံနိုင်တဲ့အလျောက်ကယ်တင်ခြင်းကျေးဇူးတော်ကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။အခြေအနေတိုင်းမှာလည်းဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုမြင်နိုင် ပြီးဘုရားသခင်ကိုကျေးဇူးတင်နေမှာဖြစ်ပါတယ်။ အမှန်တကယ်ကျေးဇူးတင်တတ်သူတိုင်းဟာ ကျေးဇူးတင်ခြင်းစိတ်ထားနဲ့အတူမိမိဘဝကိုပြုပြင်ပြောင်းလဲနိုင်တဲ့ခွန်အားများရှိပါတယ်။
ကျွန်ုပ်တို့သည်လည်း ဤအာဒ်ဝင်တူးကာလမှာ နှိမ့်ချသောစိတ်နှလုံးသားနဲ့ ခရစ်တော်ရဲ့နုတ်တော်ထွက်စကားတော်များကို နာယူရင်းဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သနားခြင်းကရုဏာတော်ကို ထိတွေ့ခံစားနိုင်ဖို့ကြိုးစားကြပါစို့။ ခရစ်တော်ကဲ့သို့စစ်မှန်သော မေတ္တာတရားများပေးဆက်ရင်း တစ်ပါးသူများ၊ အထူးသဖြင့် အလိုအပ်ဆုံးသောသူများ၊ အားငယ်နေသောသူများအတွက် မျှော်လင့်ချက်တွေကို ပေးကြပါစို့။ မိမိတို့ရဲ့စစ်မှန်တဲ့ မေတ္တာတရားများနဲ့လူတွေအတွက် ဘဝအသစ်ကို ပြန်လည်တည်ဆောက်နိုင်တဲ့စွမ်းအားကို ပေးကြပါစို့။ ခံစားရသောကျေးဇူးများကို သိမှတ်ဝန်ခံရင်းကျေးဇူးတင်သောစိတ်နဲ့ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားခြင်းနဲ့ ကြွလာမယ့်ခရစ်တော်ဘုရားရှင်ကို အကောင်းဆုံးကြိုဆိုကြပါစို့။ ကျွန်ုပ်တို့ရဲ့ဘဝထဲကို အမြဲကြွလာနေတဲ့ဘုရားသခင်ကို နိုးကြားစွာ စောင့်မျှော်နေရမယ့်အချိန်ကာလဟာ ဤအာဒ်ဝင်တူးအချိန်ကာလဘဲ ဖြစ်ပါတယ်။