အာဒ်ဝင်တူးတတိယတနင်္ဂနွေနေ့ (A)
တိုလီမုတ်စ ဩဝါဒ (မာတေး ၁၁:၂-၁၁)
ဖာသာရ် ဘယ်နယ်ဒီးနိုနယ်နဲ
ယောဟန်က မိမိတပည့်နှစ်ယောက်ကို ယေဇူးထံ စေလွတ်ပြီး “ကိုယ်တော်သည် ကြွလာတော်မူသောသူ ဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူတစ်ဦးကို စောင့်မျှော်ရမည်လော” လို့ မေးလျှောက်စေခဲ့တယ်။ ဒီအချက်ဟာ လူများစွာအတွက် အံဩစရာနဲ့ ထူးဆန်းဖွယ်ရာ ဖြစ်ခဲ့တယ်။ တကယ်တော့ ကျမ်းစာတော်မြတ်အရ ယေဇူးရှင်နဲ့ ယောဟန်တို့နှစ်ဦးဟာ သူတို့ရဲ့မိခင်အသီးသီး ဝမ်းဗိုက်အတွင်းမှာ နေစဉ်ကတည်းက တစ်ဦးကိုတစ်ဦး အပြန်အလှန် အသိအမှတ်ပြုခဲ့ကြတယ်။ ယေဇူးရှင်ရဲ့မျက်မှောက်မှာ ယောဟန်က မြူးတူးကခုန်ခဲ့ပါတယ်။ ယေဇူးရှင်နဲ့ ယောဟန်တို့နှစ်ဦးဟာ ကလေးဘဝမှာ အတူသွားလာ နေထိုင်စားသောက် ကစားခဲ့ကြပါလိမ့်မယ်။ ယောဟန်က အကြီးဖြစ်ပြီး တောကန္တာရထဲ အရင်ထွက်ခဲ့သူသာ ဖြစ်တယ်။
ဒါပေမယ့် ယောဟန်က ပထမလူ ဖြစ်ချင်သူ မဟုတ်ခဲ့ဘူး။ ဘဝမှာ ကျော်ကြားဖို့ လုံးဝမခုံမင်ခဲ့ဘူး။ ဇတ်ပို့ဘဝ၊ သတို့သားအရံဘဝနဲ့ ကျေနပ်ခဲ့သူပါ။ ယောဟန်က ရဲရင့်ပြတ်သားတယ်။ လူများစွာက ယောဟန်အပေါ် ကြီးမားစွာမျှော်လင့်ထားခဲ့ကြတယ်။ သူ့တပည့်တွေကလည်း သူ့အပေါ် များစွာကိုးစားခဲ့ပါတယ်။ လူတွေရဲ့ထင်မြင်ယူဆချက်မှာ သာယာမနေဘဲ “ကိုယ်တော်သည် တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်” လို့ ခံယူနေထိုင်ခဲ့သူ ဖြစ်တယ်။ သူအနေနဲ့က တောကန္တာရထဲက အသံတစ်သံ(voice)သာဖြစ်ပြီး ယေဇူးရှင်က နူတ်ကပတ်တော်(Word)ဖြစ်ကြောင်း သက်သေခံခဲ့တယ်။ ယေဇူးရှင်ကို ပံ့ပိုးမြှင့်တင်ပေးခဲ့ပြီး သူ့တပည့်ရင်းကိုတောင် ယေဇူးရှင်နောက်တော်သို့ လိုက်သွားခွင့်ပြုခဲ့တယ်။ ဆေးကြောခြင်းမင်္ဂလာပေးခြင်းဖြင့် ယေဇူးရှင်ကို လူတွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တယ်။ ကိုယ်တော်ကို ဘုရားသခင်ရဲ့သိုးငယ်တော်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ကြေညာပေးခဲ့တယ်။ ယောဟန်က ဟေရုဒ်မင်းရဲ့ကိုယ့်ကျင့်တရား ပျက်ပြားမှုကို ထောက်ပြခဲ့ပြီး ဖမ်းချုပ်ခံရချိန်မှာ ရန်ငြိုးနဲ့ ဆက်လက်ကွပ်မျက်ခံခဲ့ရတယ်။
ဒါတွေကိုထောက်ရင် ဘာကြောင့် ယောဟန်က ယေဇူးထံ တပည့်တွေစေလွတ်ပြီး မေးလျှောက်စေရတာလဲ။ တကယ်တော့ ဖြေရှင်းချက်ကို အထူးလိုအပ်နေတာက ယောဟန်မဟုတ်ဘဲ လူထုတွေသာ ဖြစ်တယ်။ ယောဟန်က အကျဉ်းချခံထားနေရချိန်မှာတောင်မှ သူဟာ မက်ဆီးယာရှင်ကြွလာခြင်းအတွက် လမ်းတော်ကိုပြင်ဆင်ပေးရသူအဖြစ်နဲ့ လက်လျော့အရူံးပေးတာမျိုးကို မလုပ်ခဲ့ဘူး။ ယေဇူးရှင်ရဲ့ တုံ့ပြန်ဖြေကြားချက်ကို မရရှိမှီကတည်းက အဖြေမှန်ကို ကြိုသိထားနှင့်သူပါ။ ယောဟန်က ကောင်းသောအသီး မသီးသောအပင်မှန်သမျှကို ခုတ်လှဲပြီး မီးထဲသို့ ပစ်ချလိမ့်မယ်လို့ လူတွေကို သတိပေးသွန်သင်ခဲ့တယ်။ ယေဇူးရှင်က ခုချိန်မှာ လူတွေဟာ အသီးအပွင့်များစွာ မျှဝေခံစားနေရကြောင်းကို ယောဟန်အား သိစေခဲ့တယ်။ ယေဇူးရှင်ကိုယ်တိုင်ကလည်း အသီးကိုကြည့်ပြီး အပင်ဟာ ကောင်းမကောင်းဆိုတာကို ဆုံးဖြတ်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။
ဂုဏ်ပုဒ်တွေ၊ ခေါင်းစည်းတွေနဲ့ ဂုဏ်ယူဂုဏ်ပြိုင်တတ်ကြတဲ့ လူ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ နေထိုင်နေကြတယ်။ တာဝန်ယူ/ခံစ်တ်မရှိဘဲ ရပိုင်ခွင့်ကိုသာ ဦးစားပေးနေကြတာ ထုံးတမ်းစဉ်လာဓမ္မတာလမ်းစဉ်တစ်ခု ဖြစ်နေတယ်။ မိခင်/ဖခင်တစ်ဦးဦးက မိဖပီသမှုအပြည့်အဝမရှိဘဲ သားသမီးတွေရဲ့ချစ်ခင်မှု၊ လေးစားမှုကို တောင်းဆိုနေတတ်တယ်။ ကျောင်းဆရာ/မတစ်ဦးက တာဝန်ယူစိတ်မထားရှိဘဲ တပည့်တွေရဲ့နာခံမှု ကျေးဇူးသိတတ်မှုကို တောင်းဆိုနေတတ်တယ်။ အတ္တကြီးတဲ့သူတစ်ဦးက အခြားလူတွေရဲ့ ဦးစားပေးမှုကို မျှော်လင့်နေတတ်တယ်။ ဝန်ထမ်းတစ်ဦးဟာ တာဝန်ကျေပွန်မှုထက် ခံစားခွင့်အပေါ် အာရုံရောက်နေတတ်တယ်။ ဂုဏ်ပုဒ်တွေ၊ ခေါင်းစည်းတွေဆိုတာက တာဝန်ယူမှုကင်းမဲ့ခဲ့ရင် ဘာအဓိပ္ပါယ်မျှမရှိ၊ ဘာအကျိုးမျှ မထွက်ပေါ်လာနိုင်ပါ။ လူညံ့လူဖျင်း၊ လူအတ္တတွေနဲ့သာ ပြည့်နှက်နေခဲ့ရင် ယင်းလူ့အသိုင်းအဝန်းဟာ ကံဆိုးသော၊ မျှော်လင့်ချက်ပျောက်ဆုံးသော၊ အကူအညီမဲ့သော လူ့အသိုင်းအဝန်းသာ ဖြစ်နေပါလိမ့်မယ်။ အလုပ်များကို တာဝန်ကျေမလုပ်ဘဲ ယောဟန်နည်းတူ တာဝန်ယူစိတ်နဲ့ လုပ်ဆောင်အပ်ကြောင်း နှလုံးသွင်းဆင်ခြင်ကြပါစို့။