အာဒ်ဝင်းတူးကာလတတိယသီတင်းပတ်၊
၁၃.၁၂.၂၂ (အင်္ဂါနေ့)
ရှင်မာတေဦး ၂၁:၂၈-၃၂
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
သင်တို့မူကားမည်သို့ထင်ကြသနည်း။ ခရစ်တော်ဘုရားရှင်ဟာအကြောင်းအရာတစ်ခုကိုသိစေချင်တဲ့ခါ မေးခွန်းတွေကိုမကြာခဏမေးခြင်းအားဖြင့် မိမိတို့ရဲ့ကိုယ်ပိုင်သုံးသပ်ချက်နဲ့စဉ်းစားဆင်ခြင်ပြီး အဓိပ္ပာယ်က ခရစ်တော်ဟာလူသားတို့ရဲ့လွပ်လတ်မှုကိုလေးစားမှုထားကြောင်းကို ပြသနေသလို မိမိတို့ရဲ့ကယ်တင်ခြင်းအတွက် ခရစ်တော်နဲ့အတူမျှဝေခံထမ်းဖို့ကိုလည်း သင်ကြားပေးနေခြင်းဘဲ ဖြစ်ပါတယ်။ ဒီနေ့ရဲ့သမ္မာကျမ်းစာမှာ ခရစ်တော်သင်ကြားပေးထားတဲ့အရာကတော့ ကောင်းမွန်လှပတဲ့စကားများပြောနိုင်ခြင်းဟာ မိမိတို့ရဲ့ကယ်တင်ခြင်းအတွက် မလုံလောက်နိုင်သလို နှုတ်ပြော မျှသာရှိတဲ့အလုပ်တစ်ခုနဲ့လည်း ဘုရားသခင်ကိုလှည့်စားလို့မရဘူးဆိုတဲ့အကြောင်း၊ အလုပ်နဲ့ သက်သေပြနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်းကို ပြောပြထားပါတယ်။ သားနှစ်ဦးရဲ့ပုံဥပမာဟာ ဖာရီရှဲများနဲ့ကျမ်းတတ်ဆရာများ မိမိကိုယ်ကိုပြန်မြင်ပြီးအဖြေမှန်ဟာဘာလဲဆိုတာကို ရှင်းလင်းစွာသိစေခဲ့ပါတယ်။
မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သူလို့အထင်ရောက်နေသူများဟာ သူတို့ရဲ့ဘဝမှာ ခရစ်တော်ကို မလိုအပ်ဘူးလို့ပြောနေသလိုပါဘဲ။ မိမိကိုယ်ကိုအပြစ်ရှိသူ၊ အားနည်းသူလို့ခံယူထား ကြသူများကတော့ သူတို့ကိုကယ်တင်ပေးမယ့် ပုဂ္ဂ္ဂိုလ်ရှာဖွေနေကြမှာ အမှန်ဘဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားသခင်ရဲ့လူသားတိုင်းအပေါ် ဖိတ်ခေါ်ချက်ကတော့အပြစ်အတွက် နောင်တရပြီး ခရစ်တော်၌ယုံကြည်ကိုးစားခြင်းပါဘဲ။ ဒါဟာ ခရစ္စတီယာန်တို့ရဲ့ အဓိက အခြေခံကျင့်သုံးရမယ့် ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဒါကိုကျင့်သုံးနိုင်ခဲ့မယ်ဆိုရင် ဒီနေ့ရဲ့ပထမကျမ်းမှာဖော်ပြထားသလို ဤလူမျိုးတို့သည် မတရားမှုများကို ရှောင်ကျဉ်နိုင်ခြင်း၊ မုသားစကားများမှကင်းလွတ်ခြင်းနှင့် လှည့်စားတတ်ခြင်းများမရှိသောကြောင့် မည်သည့်အရာ၊ မည်သူကိုမျှကြောက်စရာမရှိဘဲ ပျော်ရွှင်စွာစားသောက်အိပ်စက်ရမည့်အကြောင်းကို ဖော်ပြထားပါတယ်။ အာဒ်ဝင်တူးကာလဟာ ဒီခရစ္စယာန်ကျင့်စဉ်ရဲ့ခရီးကိုအစပြုဖို့ရာ အကောင်းဆုံးသော အချိန်ဖြစ်ပါတယ်။ အိုသခင်ဘုရားအကျွန်ုပ်၏ မကောင်းသောအကျင့်ဆိုး၊ အကျင့်ဟောင်းများမှ စစ်မှန်သောနောင်တကိုရစေပြီး ပြုပြင်ပြောင်းလဲနိုင်ရန်ကျေးဇူးကိုပေးတော်မူပါ။ ကိုယ်တော်၌ ယုံကြည်ခြင်းကိုပိုမိုနက်ရှိုင်းစေတော်မူပါလို့ ဆုတောင်းသွားကြပါစို့။