အာဒ်ဝင်းတူးကာလတတိယသီတင်းပတ်၊
၁၄.၁၂.၂၂ (ဗုဒ္ဓဟူးနေ့)
ရှင်လုကာ ၇: ၁၈-၂၃
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
ယောဟန်ရဲ့တပည့်တော်တွေ မေးလိုက်တဲ့မေးခွန်းအပေါ် ယေဇူးဘုရားရှင်ဟာ သူ့ရဲ့နှုတ်တော်ကနေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို အဖြေမပေးခဲ့ပါဘူး။ ယောဟန်ရဲ့တပည့်တော်တွေ ခရစ်တော်ဆီ ကိုလာတဲ့အချိန်မှာ ခရစ်တော်ဟာရောဂါစွဲကပ်နေသူများ၊ နတ်ဆိုးပူးနေသူများနဲ့ မျက်စိမမြင်တဲ့သူတွေကို ကုသပေးနေခဲ့ပါတယ်။ ပရောဖက်ဟေရှာယကျမ်းမှာ ဖော်ပြထားတဲ့ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွှတ်ကြလိမ့်မည် (ဟေရှာယ ၃၅: ၅) ဆိုတဲ့ဟောကြားချက်အတိုင်း ခရစ်တော်ဟာ ပရောဖကကျမ်းမှာ ဟောထားတဲ့မက်ဆီးယား အရှင်သခင်ဖြစ်ကြောင်း လက်တွေ့ အဖြေပေးပါတယ်။ ကျွန်ူပ်တို့တွေဟာ ဘုရားကို ကိုယ်မြင်တွေ့လိုတဲ့ပုံစံမျိုးနဲ့ပုံဖေ်ပြီး ဘုရားဟာ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်သူ့အတွက်ဆို ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတဲ့ တင်ကူးမျှော်မှန်းချက်နဲ့ မျှော်လင့်ချက်တွေ ရှိတတ်ကြပါတယ်။ ဒီနေ့ရဲ့သမ္မာကျမ်းစာက ဒီအတွေးတွေကို ဖယ်ထုတ်ပစ်ဖို့ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ခရစ်တော်ဘုရားရှင်ဟာ ကျွန်ုပ်တို့လူသားများ ထာဝရနဲ့ဆိုင်တဲ့အသက်တာကို ပိုင်ဆိုင်ရရှိဖို့ လူ့လောကကိုကြွလာခဲ့တယ်၊ သတင်းကောင်းကို ဟောကြားခဲ့တယ်၊ အနာရောဂါများကို ကုသပေးခဲ့တယ်၊ ဒုက္ခစရိယာခံထမ်းခြင်း၊ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ခရစ်တော်ဟာ သူ့ဘဝတစ်ခုလုံးကို ကျွန်ုပ်တို့အတွက် ပေးခဲ့ပြီးပါပြီ။ ဒီအမှန်တရားကို လက်ခံယုံကြည်ကြရမှာ ဖြစ်ပါတယ်။ အမှန်တရားဆိုတာ မိမိဖြစ်ချင်တဲ့အရာကို ပုံဖော်ပြီး မြင်တွေ့ရမယ့်အရာ မဟုတ်ပါဘူး။ အမှန်တရားနဲ့ သမ္မာတရားရဲ့အရှင်သခင်ဖြစ်တဲ့ခရစ်တော်ဟာ အပြောနဲ့မဟုတ်၊ လက်တွေ့နဲ့သူ့ဘဝ တစ်ခုလုံးကိုပေးပြီး အသက်ရှင်ပြသခဲ့ပြီး ဖြစ်ပါတယ်။
လောကမှာတွေ့ကြုံဖူးတဲ့လူအမျိုးအစားတွေထဲမှာ တစ်ချို့က လူတွေအတွက် အလုပ်လုပ်ပေးတဲ့ သူတွေဖြစ်ပြီး သူတို့ရဲ့အလုပ်မှာကြီးမားတဲ့အောင်မြင်မှုကိုမြင်တွေ့ချင်ကြပါတယ်။ တစ်ချို့ကတော့ အလုပ်လက်ခံပေးတဲ့သူတွေဖြစ်ပြီး သူတို့အတွက်အလုပ်လုပ်ပေးနေသူတွေဆီကနေ ပိုပြီးမျှော်လင့်တတ်ကြပါတယ်။ သူတို့အားလုံးဟာမျှော်လင့်ချက်တွေ မပြည့်စုံခဲ့ရင် စိတ်ပျက်တတ်ကြပါတယ်။ကျွန်ုပ်တို့လူသားများဟာ ဤလောကကမ္ဘာမှာ အသက်ရှင်စဉ်လူသားတိုင်း ဘုရားသခင်ရဲ့ချစ်ခြင်းကိုတွေ့ကြုံခံစားနိုင်တဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့ တစ်ထူးတစ်ခြားရွေးချယ်ခြင်းခံရသူတွေဖြစ်လို့ အထူးတာဝန်ရှိကြပါတယ်။ အာဒ်ဝင်တူးကာလဆိုတာ ကျွန်ုပ်တို့နဲ့အတူအမြဲရှိနေတဲ့ဘုရားသခင့်ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့တစ်ဦးစီရဲ့ဘဝထဲမှာ၊ အလုပ်ထဲမှာ အတွေ့အကြုံယူရင်း မျှော်လင့်ချက်တွေနဲ့ ကြွလာမယ့်အရှင်သခင်ကို စောင့်မျှော်နေရတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့လုပ်ငန်းဆောင်တာတွေ ဘဝတွေထဲမှာမအောင်မမြင်ဖြစ်ပြီး စိတ်ပျက်စရာတွေနဲ့ကြုံကြရပါတယ်။ ကျွန်ုပ်တို့လိုချင်တာ၊ ဖြစ်ချင်တာတွေ၊ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ မပြည့်စုံခဲ့ရင် စိတ်ပျက်တတ်ကြပါတယ်။ အခက်အခဲ၊ ဒုက္ခဆိုတာ ခရစ်တော်ကို တွေ့ဆုံနိုင်တဲ့အခွင့်ထူးတစ်ခုဖြစ်လို့ ဒီရုန်းကန်ခြင်းကြားမှာ ခရစ်တော်ရဲ့လေးနက်တဲ့ပေးဆက်မှုအသက်တာကို နားလည်သဘောပေါက်စေပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ခရစ်တော်ကို ယုံကြည်လက်ခံပြီးခရစ်တော်ပြသခဲ့တဲ့ပုံစံတော်အတိုင်း အသက်ရှင်နေထိုင်မယ်၊ တစ်ပါးသူအတွက်ရည်ရွယ်ပေး တတ်ခဲ့မယ်ဆိုရင် စိတ်ပျက်စရာတွေကိုခံထမ်းနိုင်မှာဖြစ်ပါတယ်။ ခရစ်တော်၌ကျွန်ုပ်တို့တစ်တွေဟာ အသက်ကိုရရှိခဲ့ပြီးဖြစ်လို့ခရစ်တော်၌ ကျွန်ုပ်တို့အားလုံးမင်္ဂလာရှိသောသူများဖြစ်ကြပါတယ်။
ခရစ်တော်၌ စိတ်မပျက်သောသူ၊ ခရစ်တော်ပေးခဲ့တဲ့ဂတိတော်မှာ မျှော်လင့်ချက်တွေ မမှိတ်မသုန် ရှိနေသောသူများအတွက် ကိုယ်တော်ဟာသုံးပါးတစ်ဆူဘုရားရှင်ရဲ့ အသက်တာ၌ ပြည့်ဝစွာပါဝင် ခံစားနိုင်တဲ့ ထာဝရအသက်ချမ်းသာဆုလာဘ်တော်ကို ပေးသနားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဒ်ဝင်တူးကာလမှာ ခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်တော်ကို ထက်သန်သောစိတ်နဲ့ ရှာဖွေပြီး ယုံကြည်စွာ လက်ခံကြပါစို့။ ကိုယ်တော်ရှင်ကျွန်ုပ်တို့အတွက် အသက်ပေးပြီးလမ်းပြခေါ်ဆောင်ခဲ့သော အသက်တာအတိုင်း နေထိုင်အသက်ရှင်ပြီး သမ္မာတရားရဲ့ အရှင်ခရစ်တော်သခင်၌ ယုံကြည်ခြင်းခွန်အားများ ပိုမိုရရှိစေပါမည့်အကြောင်းလည်း ဆုတောင်းကြပါစို့။