Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-14 16:49:59
အာဒ်ဝင်းတူးကာလတတိယသီတင်းပတ်၊
၁၅.၁၂.၂၀၂၂ (ကြာသပတေး)
ရှင်လုကာ ၇:၂၄-၃၀
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR

ယောဟန်ဗတ္တိစတားဟာ တောထဲမှာနေပြီး ရိုးစင်းတဲ့ဘဝအသက်တာ၊ ခြိုးခြံချုပ်တည်းခြင်း အသက်တာနဲ့ တရားအားထုတ်မှုတွေ ပြုနေသူ ဖြစ်ပါတယ်။ ကုလားအုပ်သားရေကိုသာ ဝတ်ဆင်ပြီး ပျားရည်နဲ့ကျိုင်းကောင်ဟာ သူ့ရဲ့အစာနဲ့သောက်စရာဝိုင် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နေထိုင်မှုပုံစံဟာ လောကရဲ့ဆွဲဆောင်မှုတွေကနေ လုံးလုံးကင်းစင်နေပါတယ်။  ဒါ့ကြောင့်လည်း ဘုရားသခင်နဲ့ဆိုင်တဲ့ ဝိညာဉ်ရေးရာတွေအပေါ် လိုချင်တမ်းတမှုများ ပိုမိုရှင်သန်နိုင်တာကို တွေ့ရပါတယ်။ ယောဟန်ရဲ့ဘုရားသခင်ကို ဆာငတ်တမ်းတမှုနဲ့ သန့်စင်တဲ့နှလုံးသားကြောင့် ခရစ်တော်ကိုတွေ့လိုက်တဲ့ခါ ကတိထားတဲ့ ဘုရားရဲ့သိုးငယ်တော်ဖြစ်ကြောင်းကို မြင်နိုင်တဲ့အစွမ်းရှိနေပါတယ်။ ခရစ်တော်ဟာယောဟန်ကို ချီးမွမ်းခဲ့ပြီး ပရောဖက်ထက်ကြီးမြတ်သူဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။ ခရစ်တော်က သင်တို့မည်သည့်အရာကို ကြည့်ရှုဖို့တောထဲကို ထွက်သွားကြတာလဲလို့ မေးလိုက်ခြင်းမှာ လူတွေ မိမိတို့သွားနေတဲ့လမ်းကြောင်းကို သေချာသတိမူဖို့နဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေ အဓိပ္ပာယ်ရှိမရှိ စစ်ဆေးကြဖို့ သတိပေးတိုက်တွန်းလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည်လည်း နေ့စဉ်ဘဝ အသက်တာထဲမှာလည်း မိမိတို့သွားနေတဲ့လမ်းကြောင်းနဲ့ ဦးတည်ချက်၊ လုပ်ဆောင်ချက်တွေဟာ ခရစ်တော်သွန်သင်ပြသတဲ့ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီရဲ့လားလို့ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

 

ဒီနေ့ရဲ့သမ္မာကျမ်းစာမှာ အဓိကပေးချင်တဲ့သတင်းစကားကတော့ယောဟန်ဟာခရစ်တော်လာမယ့်လမ်းကိုပြင်ဆင်သူသာဖြစ်လို့ ခရစ်တော်သာလျှင် စစ်မှန်တဲ့ကယ်တင်ရှင်ဖြစ်ကြောင်းနဲ့ ကိုယ်တော် တည်ထောင်မယ့်နိုင်ငံတော်မှာ စစ်မှန်တဲ့ကယ်တင်ရှင်ကို ရှာဖွေလက်ခံကြဖို့ဖြစ်ပါတယ်။ လောကမှာ အမှန်တရားကို သိဖို့ထင်ယောင်ထင်မှားဖြစ်နေစေတဲ့အရာတွေ မြောက်များစွာရှိနေပါတယ်။ တွေ့ကြုံနေရတဲ့ပြသနာတွေကို လတ်တလောဖြေရှင်းပေးနိုင်တယ်ဆိုရင် အဲဒီနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတတ်ကြပါတယ်။ ဘုရားကိုမေ့သွားတတ်ကြပါတယ်။ စစ်မှန်တဲ့အလင်း တရားနဲ့ ဘဝပြသနာတွေရဲ့အဖြေကို ခရစ်တော်၌သာလျှင်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ခရစ်တော်ဟာ ယောဟန်ရဲ့ ကြီးမြတ်ခြင်းကို သက်သေခံခဲ့သလို တစ်ချိန်တည်းမှာလည်း သူတည်ထောင်မယ့် နိုင်ငံတော်အတွက် မြဲမြဲမြံမြံရှိနေပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ လူတွေ နားလည်မျှော်လင့်နေတာထက်ကျော်လွန်နေလို့ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မယ်။ ပြောမယ်ဆိုရင်တော့ ယောဟန်ဟာဘုရားသခင်တစ်ပါးတည်းကိုသာလျှင် အာရုံစွဲမြဲပြီး လောကီရေးရာတွေရဲ့ ဆွဲဆောင်မှုကနေ လုံးလုံးလျားလျားကင်းစင်နေခဲ့လို့ ဝိညာဉ်တော်ရဲ့အလင်းပေး နိူးဆော်မှုကို ခံယူနိုင်ခဲ့ပြီးခရစ်တော်ကို သိုးငယ်တော်အဖြစ်လူတွေမြင်တွေ့နိုင်အောင် ညွှန်ပြပေး နိုင်ခဲ့ပါတယ်။

တကယ်တော့ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဘုရားသခင်ကို စိတ်အာရုံစွဲလန်းနေမယ်၊ ဘုရားသခင်ကိုဘဝရဲ့အခြေအနေ၊ ဦးတည်ချက်၊ လမ်းကြောင်းတွေထဲမှာ နေရာပေးတတ် မယ်ဆိုရင် ဘယ်နေရာမှာမဆို၊ အခြေအနေအမျိုးမျိုးကြားမှာ ဘုရားသခင်ကိုမြင်တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့လူသားအားလုံးကို အလင်းပေးနေပါတယ်။ ခရစ်တော်တည်ထောင်မယ့်နိုင်ငံတော်မှာ ဝိညာဉ်တော်ဟာ အသက်ဖြစ်ပါတယ်။ ဤဝိညာဉ်တော်ကို လက်ခံအသက်ရှင်သူတိုင်းဟာကိုယ်တော်ရဲ့နိုင်ငံတော်မှာ အငယ်ဆုံးသောသူတွေတောင် ယောဟန်ထက်ပိုမိုကြီးမြတ်သူတွေဖြစ်ကြောင်း ခရစ်တော်သွန်သင်ပေးနေပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီကသာ ဘုရားသခင်ကိုနေရာပေးပြီးနှလုံးသားတွေကို ဖွင့်ပေးဖို့အရေးကြီးပါတယ်။

ယောဟန်ဗတ္တိစတာရဲ့ နှလုံးသားဟာ လောကီရေးရာတွေကနေ ကင်းကွာစေတဲ့အပြင် ပြင်းထန်တဲ့တရားကျင့်စဉ်တွေကြောင့် ဝိညာဉ်တော်ရဲ့ အလင်းပေးလှုံ့ဆော်မှုကို ခံယူနိုင်ခဲ့ပြီး သူတစ်ဦးတည်းသာလျှင် ခရစ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး မက်ဆီးယားအရှင်သခင်ဖြစ်ကြောင်း ဝန်ခံသက်သေပြနိုင်ခဲ့ ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ယောဟန်လိုပြင်းထန်တဲ့ကျင့်စဉ်တွေကို မတောင်းခံပေမယ့် များမြောင် လှတဲ့ကျွန်ုပ်တို့ရဲ့ လောကီရေးရာတွေကြားမှာ ဘုရားကိုအာရုံစွဲလန်းတတ်ဖို့၊ နေရာပေးတတ်ဖို့ လိုအပ်ပါတယ်။ ဘုရားကိုအာရုံစွဲလန်းတတ်မယ်ဆိုရင် ဝိညာဉ်တော်ရဲ့ အလင်းပေးလှုံဆော်မှုကို လည်းခံယူနိုင်ပြီးအရာရာကို ဝိညာဉ်ရေးမျက်စိနဲ့ မြင်တတ်လာမှာဖြစ်သလို ခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့အတူ ရှိနေတဲ့ဘုရားဖြစ်ကြောင်းကိုလည်း တွေ့ကြုံခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဝိညာဉ်ရေးမျက်စိနဲ့ ကျွန်ုပ်တို့နေ့စဉ်ပင့်ယူသုံးဆောင်နေတဲ့ ကိုယ်တော်မြတ်စက္ကရမင်းတူးနဲ့ မကြာခဏ ပြုကြရတဲ့ အာပတ်ဖြေခြင်းစက္ကမင်းတူးရဲ့ နောက်ကွယ်က ခရစ်တော်ရဲ့ပေးဆက်မှုတွေကို ပိုမိုနက်ရှိုင်းစွာနားလည်သဘောပေါက်လာပြီး ခရစ်တော်ရဲ့ချစ်ခြင်းနဲ့သနားခြင်း ၊အခွင့်လွတ်ခြင်းကို တဖြည်းဖြည်းထိတွေ့ခံစားလာမှာ ဖြစ်ပါတယ်။

Daily Reflection