ဇန်နဝါရီလ(၃)ရက် (အင်္ဂါနေ့)
ရှင်ယောဟန် ၁ : ၂၉ - ၃၄
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
နောက်တစ်နေ့တွင်မိမိထံသို့ ယေဇူးကြွလာတော်မူသည်ကိုမြင်လျှင်ယောဟန်က ကြွေးကြော်သည်ကား ဘုရားသခင်၏သိုးငယ်တော်ကို ကြည့်ကြလော့။လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။ငါမရှိမီကရှိနှင့်တော်မူသည်ဖြစ်၍ ငါ့ထက်ပို၍ ကြီးမြတ်သောသူသည် ငါ့နောက်၌ ကြွလာမည်ဟု ငါဆိုခဲ့သောသူသည် ဤသူပင်ဖြစ်သတည်း။ငါသည် ကိုယ်တော့်ကို မသိခဲ့။ သို့သော်လည်း ကိုယ်တော့်ကိုအစ္စရာအဲလ်လူမျိုးတို့အား ထင်ရှားစွာဖော်ပြခြင်းငှာငါသည် လာ၍ ရေဖြင့်ဆေးကြောခြင်းဖြစ်သည်ဟုဆိုလေ၏။ထို့နောက်ယောဟန်ကသက်သေခံသည်ကား ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌နားနေသည်ကို ငါမြင်ရ၏။ငါသည်သူ့ကိုသိသည်မဟုတ်။သို့ရာတွင် ရေဖြင့် ဆေးကြောရန်ငါ့ကိုစေလွှတ်တော်မူသောအရှင်ကအကြင်သူ၏အပေါ်၌ဝိညာဉ်တော်သည်ဆင်းသက်၍နားနေတော်မူသည်ကို သင်မြင်ရပါကဤသူသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဆေးကြောသောသူဖြစ်သတည်းဟုငါ့အားမိန့်တော်မူခဲ့၏။ငါသည်လည်းမြင်ခဲ့ရသောကြောင့်ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုငါသက်သေခံသည်ဟုဆိုလေ၏။မျက်နှာမြင်ချစ်ခင်ပါစေ၊အသံကြားသနားပါစေ ဟူသောဆုတောင်းကို ကျွန်ုပ်တို့နှစ်သက်ကြပေမည်။တည်မြဲသော ချစ်ခြင်း၊ သနားခြင်းစသောစိတ်ခံစားချက်များ၏ဖြစ်တည်မှုသည် ပြင်ပအသွင်သဏ္ဍာန်၏ ချောမောလှပခြင်းအပေါ်တွင်မူတည်ခြင်းရှိမည်မထင်ပေ။သူတစ်ပါးနှင့် ဆက်သွယ်ဆက်ဆံရေးတွင် ခင်မင်ရင်းနှီးမှုမရှိသော်လည်း နှလုံးသား၏တောင့်တစ်နေရာမှ တောင့်တနေသောသူနှင့်တွေ့ဆုံခွင့်ရသောအခါအဆင်ပြေနေခြင်းသည် အတွင်း၌ရှိသော ချစ်ခြင်းပါရမီ၏ ရှင်သန်ရင့်သန်လာခြင်းပင်ဖြစ်ပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ရှင်ယောဟန်ဘတ္တိဇံမှခရစ်တော်သခင်နှင့်တွေ့စတွင်ပင် ကိုယ်တော်ရှင်၏ကြီးမြတ်ခြင်းကို ချက်ခြင်းသိ၍ လူမျိုးအပေါင်းတို့၏ကယ်တင်ရှင်ဖြစ်ကြောင်းကိုသက်သေခံသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့၏နက်ရှိုင်းသောအတွင်းစိတ်၌ခရစ်တော်သခင်နှင့် ရင်းနှီးကျွမ်းဝင်ပါက ကမ္ဘာလူသားအပေါင်းတို့သည် မည်သည့်အခြေအနေတွင် ရှိနေပါစေ၊ မေတ္တာထားနိုင်ပေမည်။ကျွန်ုပ်တို့၏ ချစ်တတ်ခြင်းအားဖြင့်ချစ်ခြင်း၏မူပိုင်ရှင်ဘုရားသခင်ကို ဘဝအသက်တာအားဖြင့် သက်သေခံနိုင်ကြပေလိမ့်မည်။သို့သော်ရန်သူသည် ရန်သူပီသနေသောအခါ“ကိုယ်တော်ချစ်မြတ်နိုးသောသူတို့လွတ်မြောက်စေရန် ကိုယ်တော်၏ လက်ယာလက်တော်ဖြင့် ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ကိုနားညောင်းတော်မူပါ။”(ဆာလံ ၁၀၈:၆) ဟူသောဆုတောင်းဖြင့် ကျွန်ုပ်တို့၏သခင်ထံစဥ်ဆက်မပြတ် ဆုမွန်ချွေဆုတောင်းကြရပေမည်။