ဇန်နဝါရီလ ၄ ရက်(ဗုဒ္ဓဟူးနေ့)
ရှင်ယောဟန် ၁ : ၃၅ - ၄၂
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တစ်ဖန်ယောဟန်သည်နောက်တစ်နေ့၌ မိမိ၏တပည့်နှစ်ယောက်တို့နှင့်အတူရပ်နေစဉ်၊ယေဇူးကြွလာတော်မူသည်ကိုကြည့်၍ ဘုရားသခင်၏သိုးငယ်တော်ကို ကြည့်ကြလော့ဟုဆို၏။တပည့်နှစ်ယောက်တို့သည်လည်းယောဟန်၏စကားကိုကြားလျှင် ယေဇူး၏နောက်တော်သို့ လိုက်သွားကြလေ၏။ယေဇူးသည် လှည့်ကြည့်၍ ထိုသူတို့သည် မိမိနောက်သို့လိုက်လာကြသည်ကိုမြင်သဖြင့်သင်တို့သည်မည်သည့်အရာကိုအလိုရှိကြသနည်းဟုသူတို့အား မိန့်တော်မူ၏။ထိုအခါ သူတို့က ရာဘီ၊(အဓိပ္ပာယ်ကားဆရာသခင်ဟု ဆိုလိုသည်)ကိုယ်တော်သည်မည်သည့်အရပ်၌နေတော်မူသနည်းဟုမေးလျှောက်ကြ၏။ကိုယ်တော်ကလည်း လာ၍ကြည့်ကြလော့ဟုသူတို့အား မိန့်တော်မူ၏။သူတို့သည် လာကြ၍ကိုယ်တော်နေသောနေရာကိုကြည့်ကြပြီးလျှင်ထိုနေ့၌ ကိုယ်တော်နှင့်အတူနေကြ၏။အဘယ်ကြောင့်ဆိုသော်ထိုအချိန်သည် ညနေလေးနာရီခန့်ဖြစ် သောကြောင့်တည်း။ ယောဟန်၏စကားကိုကြားရ၍ နောက်တော်သို့ လိုက်ကြသောသူနှစ်ဦးတို့တွင် တစ်ဦးမှာ စီမွန်ပေတရု၏ညီ အန္ဒြေးယ ဖြစ်၏။သူသည်မိမိ၏အစ်ကို စီမွန်ကိုရှေးဦးစွာတွေ့လျှင်ငါတို့သည်မေဆိယ (အဓိပ္ပာယ်ကားခရစ်တော်ဟု ဆိုလိုသည်)ကိုတွေ့ခဲ့ကြလေပြီဟုဆို၏။သူသည် စီမွန်အားယေဇူးထံတော်သို့ ခေါ်ဆောင်လာသောအခါကိုယ်တော်သည် သူ့ကိုကြည့်တော်မူ၍သင်သည် ယောန၏သား စီမွန်ဖြစ်၏။သင်သည် စေဖဟူ၍ခေါ် ခြင်း ခံရလိမ့်မည် (အဓိပ္ပာယ်မှာ ပေတရုဟု ဆိုလိုသည်) ဟုမိန့်တော်မူ၏။ လူတစ်ဦးကို ကျွန်ုပ်တို့အမှန်တကယ် စိတ်ဝင်စားသောအခါ ထိုသူ၏ပြင်ပသဏ္ဍာန် လှပဖော်ရွေခြင်းထက် စစ်မှန်သောဘဝရှင်သန်နေထိုင်မှုကိုစူးစမ်းသိချင်လိုတတ်ကြပါသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင်ကမ္ဘာကြီးကို အုပ်စိုးမင်းမူ၍ လူထုတစ်ရပ်လုံးကို ထင်တိုင်းကြဲကာ မာယာများနှင့်ရက်စက်ကြမ်းကြုတ်သော မာရ်နတ်မင်း၏နိုင်ငံကိုဖြိုဖျက်ပြီးလူသားများကိုပြန်လည်ရွေးနှုတ်မည့်ဘုရား၏သိုးငယ်တော်ကို ယောဟန်ဘတ္တိဇံ၏ညွန်ပြခြင်းကြောင့် နောက်တော်သို့လိုက်သောသူများအား သင်တို့သည် မည်သည့်အရာကိုအလိုရှိသနည်းဟူ၍မေးတော်မူကြောင်း နှုတ်မြွက်ထားပါသည်။ခရစ်တော်သခင်၏ဆွဲယူအားသည် နောက်တော်သို့လိုက်သောတပည့်တော်တို့နှစ်ဦးအတွက် ကြီးမားလှပါသည်။နောက်တော်သို့လိုက်ခြင်း၏ပထမရည်ရွယ်ချက်ဖြစ်သောသခင်၏ဘဝရှင်သန်နေထိုင်မှုအား ဖော်ကျူးသည့်နေရပ်ကိုဦးစွာမေး၍သခင်နှင့်အတူ နေ့တစ်ပိုင်းနေပြီး ကြုံတွေ့ရသောအဖြစ်အပျက်မှစိတ်ဝင်စားမှုများမှ အခြားသူများအားလည်း ပြောပြသက်သေခံကာသခင့်ထံခေါ်လာခဲ့ပါသည်။မာရ်နတ်မင်း၏အာဏာစက်ကြီးမားလှသည့်ယနေ့ကျွန်ုပ်တို့၏အခြေအနေ၌ သူတို့ပြုကျင့်သည့်အတိုင်းပြန်ပြုကျင့်ကြပါကပျက်စီးဆုံးရှုံးမှုများသည်အတောသတ်နိုင်မည်မဟုတ်ချေ။သေမင်းနိုင်ငံကိုဖြိုဖျက်လှဲနိုင်သည့် ခရစ်တော်သခင်၏နောက်လိုက်များဖြစ်ကြသောယုံကြည်သူကျွန်ုပ်တို့အနေဖြင့်နိုင်ရာဝန်များထမ်းကာ ၎င်း၏နိုင်ငံပြိုလဲစေရန်အတွက်ပြုကျင့်ရန်လိုအပ်နေပေသည်။“ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကိုဆုတောင်းခြင်း နှင့်အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။” (မာကု ၉:၂၉ )