ဇန်နဝါရီလ ၆ ရက်(သောကြာနေ့)
ရှင်မာကု ၁ : ၇ - ၁၁
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သူက ဟောပြောသည်ကားငါ့ထက် ပို၍တတ်စွမ်းနိုင်သောသူသည် ငါ့နောက်တွင်ကြွလာတော်မူလိမ့်မည်။ငါသည်ပျပ်ဝပ်လျက် သူ၏ခြေနင်းတော်ကြိုးကိုမျှဖြေခြင်းငှာ မထိုက်တန်။ငါသည်သင်တို့ကိုရေဖြင့်ဆေးကြော၏။သို့သော်သူသည်သင်တို့ကို ဝိညာဉ်တော်မြတ်ဖြင့် ဆေးကြောတော်မူလိမ့်မည်ဟူ၍ဖြစ်သတည်း။ထိုနေ့ရက်တို့၌ ယေဇူးသည်ဂါလေလေးယနယ်၊နာဇရက်မြို့မှကြွလာတော်မူပြီး ဂျော်ဒန်မြစ်တွင်ယောဟန်ထံမှဆေးကြောခြင်းကိုခံတော်မူ၏။ကိုယ်တော်သည် ရေထဲမှတက်လာတော်မူသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီးဝိညာဉ်တော်သည်ချိုးငှက်သဏ္ဌာန်ဖြင့် မိမိအပေါ်ဆင်းသက်လာသည်ကိုမြင်တော်မူ၏။ထို့နောက် ကောင်းကင်မှအသံထွက်ပေါ်လာသည်ကား သင်သည်ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း ဟူ၍ဖြစ်၏။ဤလောကတွင် ရှိနေကြသော ဖန်ဆင်းခံအရာသတ္တဝါခပ်သိမ်းသည် မိမိတို့၏ဖြစ်တည်မှုအတိုင်းရှင်သန်၍ဖန်ဆင်းရှင်ဘုရားသခင်ကို ချစ်တုံ့ပြန်ခြင်းဖြင့် သက်သေခံကြပါသည်။သက်ရှိသက်မဲ့ဖြစ်တည်မှုများအချင်းချင်း၌အပြန်အလှန်အကျိုးပြုကြရာအသိဥာဏ်ရှိသောလူသားများမှ သဘာဝတရားကို မြတ်နိုးထိန်းသိမ်းပြုပြင်ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါသည်။သို့သော်အပြစ်၏အတ္တအမှောင်နှင့် မနာလိုဝန်တိုမှုများကြောင့် လူသားအချင်းချင်းတုဖက်ပြိုင်ဆိုင်ကာ အမှောင်လောကသားများအဖြစ် ကမ္ဘာကြီးကို တစ်စတစ်စဖျက်ဆီးနေကြပါသည်။ပျက်စီးခြင်းအဟုန်ဖြင့်အရှိန်အဝါကောင်းနေသော အတ္တကမ္ဘာတွင် ငိုကြွေးနာကျင်နေသောအဖိနှိပ်ခံလူသားများကယ်နှုတ်ခြင်း ကျေးဇူးခံစားရရှိရန်အတွက်လူ့အဖြစ်ယူဆင်းကြွလာသော မြတ်ဘုရားရှင်သည် အသွေးတော်သွန်းလောင်းအသေခံတော်မူခြင်းအားဖြင့် နတ်ဆိုး၏လက်မှ ကျွန်ုပ်တို့ကို ပြန်လည်ရွေးနှုတ်ရန် အမှုတော်မြတ်ကိုဆေးကြောခြင်းခံတော်မူခြင်းအားဖြင့် စတင်မည်ဖြစ်သည်။ယနေ့ကြားနာရသောအသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ယောဟန်ဘတ္တိဇံ၏လက်တွင်ဆေးကြောခြင်းခံယူတော်မူသော ခရစ်တော်သခင်သည်သန့်ရှင်းသောဝိညာဥ်တော်၏တန်ခိုးတော်နှင့် ပြည့်ဝ၍ ခမည်းတော်ဘုရား နှစ်သက်မြတ်နိုးသော ချစ်သားဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။ခရစ်တော်သခင်သည်တံကျင်ထက်တွင် အသွေးတော်သွန်းလောင်း အသေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သေမင်းနိုင်ငံကို ဖြိုခွင်းခဲ့ပါသည်။စုံစမ်းနှောင်ယှက်ခြင်းများဖြင့် မာယာထူပြောလှသော ဤကမ္ဘာမြေပေါ်တွင် နတ်ဆိုးကိုတိုက်ထုတ်ပြီး ကျွန်ုပ်တို့ဆက်လက်တိုက်ပွဲဝင် အောင်နိုင်ရန် ကျွန်ုပ်တို့ကို ခရစ်တော်သခင်၏နာမတော်၌ဆေးကြောခြင်းခံယူခြင်းအားဖြင့် ဘုရားသားသမီးဖြစ်ခြင်းအခွင့်ကို ကျွန်ုပ်တို့ကိုပေးသနားတော်မူပြီးဖြစ်ပါသည်။ခရစ္စမားစက္ကရာမင့်မင်္ဂလာခံယူခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ကို လက်နက်အပြည့်အစုံအပ်နှင်းထားပြီးဖြစ်ပါသည်။ယင်းကား“သမ္မာတရားတည်းဟူသော သင်၏ခါး ပန်းကြိုးကိုစည်း၍ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ၊ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကိုကြေညာရန် စိတ်အားထက်သန်ခြင်းတည်းဟူသောဖိနပ်ကိုစီးလျက် ရပ်နေကြလော့။-ဤအရာတို့အပြင်ယုံကြည်ခြင်း၏ဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် နတ်ဆိုး၏မီးမြားလက်နက်ရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။ထို့နောက် ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို ဆောင်း၍ ဝိညာဉ်တော်၏ဓားလက်နက်တည်းဟူသောဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလည်း ကိုင်ဆောင်ကြလော့။အမျိုးမျိုးသောဆုတောင်းပတ္ထနာများနှင့်အသနားခံတောင်းလျှောက်ခြင်းတို့ဖြင့် ဝိညာဉ်တော်၌ အစဉ်မပြတဆုတောင်း ကြလော့။”(ဧဖက် ၆:၁၄-၁၈)အိုသမ္မာတရားရှင် ခရစ်တော်သခင် အောင်ပွဲများရရှိပိုင်ဆိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့နှင့်အတူပါဝင်တော်မူပါ။