ဇန္နဝါရီလ ၁၂ ရက်နေ့၊ ၂၀၂၃၊ ကြာသာပတေး၊ သာမန်ကာလ ပထမပတ်
(ရှင်မာကု 1:40-45, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုအခါအနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦးသည်အထံတော်သို့လာ၍ကိုယ်တော်၏ရှေ့တော်၌ဒူးထောက်လျက်ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကိုသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟုတောင်းပန်လျှောက်ထားလေ၏။ယေဇူးသည်ထိုသူ့အပေါ် ကရုဏာသက်တော်မူသဖြင့် မိမိ၏လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိလျက် ငါအလိုရှိ၏၊သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟုမိန့်တော်မူလျှင်၊ချက်ချင်းပင်ထိုသူ၌ အနာကြီးရောဂါပျောက်ကင်း၍ သူသည်စင်ကြယ်သွားလေ၏။ထိုအခါကိုယ်တော်သည်မဆိုင်းမတွပင် သူ့ကိုအဝေးသို့လွှတ်လျက်ကြပ်တည်းစွာ မိန့်မှာသည်ကား၊သင်သည်ဤအကြောင်းကို မည်သူ့ကိုမျှမပြောမိစေရန် သတိပြုလော့။သို့သော် လူတို့ရှေ့တွင်သက်သေဖြစ်စေခြင်းငှာမိုးဇက်မိန့်မှာထားသည့်အတိုင်းသွား၍သင့်ကိုယ်ကို ရဟန်းအားပြသကာ သင်၏ပျောက်ကင်းစင်ကြယ်ခြင်းအတွက်ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ၏။ထိုသူသည်ကား ထွက်သွားပြီးလျှင်ဤအကြောင်းကိုလူသိရှင်ကြား စတင်ကြေညာ၍သတင်းတော်ကိုပျံ့နှံ့ စေလေ၏။ထို့ကြောင့်ယေဇူးသည်မည်သည့်မြို့တွင်းကို မျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲ လူသူကင်းဝေးရာမြို့ ပြင် အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့လာကြကုန်၏။”ထောက်ရှုချက်-ဒီကနေ့ကျမ်းစာမှာအနာကြီးရောဂါသည်ရဲ့ဆုတောင်းလျှောက်ပုံကထူဆန်းနေပါတယ်။ခရစ်တော်သခင်ရဲ့အနားထိချဥ်းကပ်ကာဒူးထောက်ပြီးတောင်းလျှောက်နေတာပါ။ဟိုချိန်ကအနာကြီးရောဂါသည်တွေဟာလူတွေရဲ့အနီးလာခွင့်မရှိပါဘူး။ဖာရီဇေးဦးတွေရဲ့အနားသာသွားမိခဲ့ရင်ကျောက်ခဲ့နဲပေါက်တာခံရမှာအသေအခြာပါပဲ။သို့သော်သူကယေဇူးသခင်ဟာဖာရီဇေးဦးတွေနဲ့မတူဘူးဆိုတာကိုနှလုံးသားနဲ့ခံစားသိမြင်ခဲ့တယ်။ဒါကြောင့်အနီးထိရောက်အောင်ချဥ်းကပ်ခဲ့တာပါ။သူတောင်းဆိုခဲ့တဲ့စကားကလည်းမိမိအလိုထက်ဘုရားရှင်ရဲ့အလိုတော်ကိုဦးစားပေးခဲ့ပါတယ်။"ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။" တဲ့။ယေဇူးသခင်ရဲ့ ကုသပုံကလည်းထူးခြားပါတယ်။သူတို့ရဲ့ထုံးစံအရ မထိမကိုင်အပ်သူကိုထိတွေကိုင်တွယ်ကာကုသပေးခဲ့တယ်။ယေဇူးသခင်ရဲ့ထိတွေကိုင်တွယ်ခြင်းကအနားကြီးရောဂါ သည်ရဲ့ သက်သာစေခဲ့တယ်။"လူအများရဲ့စွန်ပစ်ခံရခြင်း"ဆိုတဲ့ခံစားချက်ကို ခန္ဓာကိုယ်မှာရှိနေတဲ့ရောဂါအားလုံးမှလည်းသက်သာပျောက်ကင်းခဲ့တယ်။ဆိုလိုတာက ယေဇူးသခင်ကအနာကြီးရောဂါသည်ကိုကုသပေးတဲ့အခါကာယဝေဒနာ ဒင်မကပဲ၊စိတ်ဝေဒနာနဲ့ဝိညာဥ်ရေးဝေဒနာတွေကိုပါကုသပေးခဲ့ပါတယ်။ကျွန်ုပ်တို့တွေ မှာလည်းအနာကြီးရောဂါသည်လိုပဲလူ့ပတ်ဝန်းကျင်ရဲ့အပြင်ရောက်နေတဲ့စိတ်ထားမျိုးအကျင့်အကြံမျိုး၊မိမိဝန်ကျင်ကိုဒုက္ခပေးတတ်တဲ့မကောင်းတဲ့ဝါသနာတွေရှိနေတတ်ပါတယ်။ဘာသာရေးအစွန်းရောက်နေတာမျိုးအတွေအခေါ်အစွန်းရောက်နေတာမျိုးလည်းရှိနေတတ်ပါတယ်။မိမိတို့ရဲ့ကုသဖို့လိုအပ်နေတဲ့ရောဂါတွေကိုသိပြီးခရစ်တော်သခင်ထံ ချဥ်းကပ်ဒူးထောက်ကာ"ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။"လို့တောင်းခံလျှောက်ထားကြပါစို့။