ဇန်နဝါရီလ ၂၀ ရက် (သောကြာနေ့)
ရှင်မာကု ၃ : ၁၃ - ၁၉
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
၁၃။ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ မိမိအလိုရှိသောသူတို့ကို ခေါ်တော်မူလျှင် သူတို့သည်အထံတော်သို့လာကြ၏။၁၄။ထို့နောက် ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ပါးတို့ကိုမိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊တရားတော်ကို ဟောပြောရန်စေလွှတ်ခြင်းငှာလည်းကောင်းရွေးချယ်ခန့်ထား၍၊၁၅။သူတို့အား နတ်ဆိုးများကိုနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်းပေးတော်မူ၏။၁၆။ထိုသူတို့သည်ကား ပေတရုဟုကိုယ်တော်အမည်ပေးထားသော စီမွန်၊၁၇။မိုးကြိုး၏သားများဟု အဓိပ္ပာယ်ရသည့်ဘိုနာဂျေအမည်ဖြင့်ကိုယ်တော်မှည့်ခေါ်ထားသောဇေဘေဒေးဦး၏သား ယာကုပ်နှင့်သူ၏ညီယောဟန်၊၁၈။အန္ဒြေးယ၊ဖိလိပု၊ဘာသိုလိုမေးဦး၊မာတေးဦး၊သောမ၊အာလ်ဖေးဦး၏သားယာကုပ်၊သာဒေးဦး၊ကာနန်နယ်သားစီမွန်နှင့်၊၁၉။ကိုယ်တော့်ကိုသစ္စာဖောက်သော ဂျုဒအစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။လူသားအားလုံးသည်ဖန်ဆင်းရှင်ဘုရားသခင်၏ချစ်ခြင်းကိုယ်ပွားများဖြစ်ကြသောကြောင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အားလုံးကိုတန်းတူချစ်တော်မူသော ဘုရားဖြစ်ပါသည်။သို့သော် ကျွန်ုပ်တို့လူသားအချင်းချင်းမှာမူအားလုံးကိုသာတူညီမျှသော ချစ်ခြင်းမေတ္တာထားနိုင်ရန် အနည်းငယ်ခက်ခဲမှုရှိပေလိမ့်မည်။အကြောင်းမှာကျွန်ုပ်တို့သည် မိမိတို့၏နယ်မြေဒေသ၊လူမျိုး၊ဘာသာစသောအရာများနှင့် သက်ဆိုင်မှသာသို့မဟုတ်နီးစပ်မှုရှိမှသာ စိတ်ဝင်စားမှု၊ပေးဆက်လိုမှုရှိတတ်ကြသောကြောင့်ဖြစ်ပေသည်။ဘုရားရှင်သည် သားတော်ဘုရားအားဖြင့် သူ့ကိုယုံကြည်သောသူများ၊သူ၏ချစ်သားသမီးများအဖြစ် ကျွန်ုပ်တို့ကိုခေါ်တော်မူခြင်းဖြစ်ရာဖန်ဆင်းခံအရာသတ္တဝါခပ်သိမ်းကို သူချစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်းချစ်မြတ်နိုးစေ တော်မူပါသည်။ယနေ့ကြားနာရသော အသက်ပေးသည့်နှုတ်တော်ထွက်စကားတွင် ကိုယ်တော်၏နောက်တော်သို့ လိုက်ကြသော လူ အများအပြားတွင် မိမိနှင့်အတူရှိစေလိုသောတပည့်တော်တစ်ဆယ့်နှစ်ပါးကိုခေါ်၍တမန်တော်အဖြစ်ရွေးချယ်ခန့်အပ်ကာလူသားအပေါင်းတို့အား နတ်ဆိုး၏လွှမ်းမိုးခြင်းမှ ကင်းလွတ်စေရန်နှင့်ကယ်တင်ခြင်းသတင်းကောင်းကို ခံစား ရရှိစေရန်အတွက် နတ်ဆိုးကို နှင်ထုတ်နိုင်သော အခွင့်အာဏာကို ပေးတော်မူသည့်အကြောင်း နှုတ်မြွက်ထားပါသည်။လူသားများအားပေးတော်မူခဲ့သောကမ္ဘာလောကကြီးကို အုပ်စိုးစေသည့် အခွင့်အာဏာကို အလွဲသုံးစားခဲ့ကြသော ကြောင့်ယနေ့ကဲ့သို့ ကျွန်ုပ်တို့ဆိုးရွားစွာ ပြန်လည်ပေးဆက် ဆပ်ဖြေနေရသောအချိန်အခါဝယ် သွေးဆာနေသော မာရ်နတ်အတွက် အခွင့်ကောင်းပင်ဖြစ်နေပေသည်။အတ္တနတ်ဆိုးကြောင့် ပျက်စီးခြင်းသို့စုန်ဆင်းနေသည့်ကျွန်ုပ်တို့လူမှုဝန်းကျင်အတွက် ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း။ ဤအရိပ်မည်းကိုကျွန်ုပ်တို့မည်ကဲ့သို့ဖယ်ရှားကြမည်နည်း ကိုယ်တော်ရှင်၏အဖိုးထိုက်လှသောအသွေးတော်သွန်းလောင်းခြင်းအားဖြင့်နတ်ဆိုး၏လက်မှ ပြန်လည်ရွေးနှုတ် ကယ်တင်ခြင်းခံရသော ကျွန်ုပ်တို့တွင်ကျွန်ုပ်တို့၏ကယ်တင်ရှင်ရှိနေပါသည်။မုန်ညင်းစေ့မျှလောက်သောယုံကြည်ခြင်းသည်ပင်တောင်ကိုရွှေ့နိုင်ပါသည်။သို့ဖြစ်၍ယုံကြည်သူများဖြစ်သောကျွန်ုပ်တို့တစ်ဦးစီ၏ယုံကြည်ခြင်းသည် မုန်ညင်းစေ့ထက်သေးငယ်နေပါစေ၊စုပေါင်း လိုက်ပါလျင် ဤပျက်စီးခြင်းနတ်ဆိုး၊အရိပ်မည်းနတ်ဆိုးကိုခရစ်တော်သခင်အားဖြင့်ကျွန်ုပ်တို့နှင်ထုတ်နိုင်ပေမည်ဖြစ်သည်။အိုသခင်ကိုယ်တော်ရှင်တည်ထောင်တော်မူသော အသင်းတော်အားဖြင့်ကိုယ်တော်ရှင်ရွေးနှုတ်တော်မူသော လူမျိုးစုအားဖြင့်ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏မြေအလုံးစုံပျက်စီးနေခြင်းမှကယ်တင်တော်မူပါ။