ဇန်နဝါရီလ ၂၁ ရက်(စနေနေ့)
ရှင်မာကု ၃ : ၂၀ - ၂၁
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ ကိုယ်တော်သည် အိမ်သို့ပြန်လာတော်မူ၏။ထိုအခါ လူတို့သည် တစ်ဖန်စုဝေးလာကြသဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့သည် အစာကိုပင်မစားနိုင်ကြချေ။ကိုယ်တော်သည်စိတ်ဖောက်ပြန်လျက်ရှိသည်ဟု လူတို့ကဆိုကြသောကြောင့် ကိုယ်တော်၏ဆွေမျိုးများ သည်လည်းကိုယ်တော့်ကို ထိန်းရန်သွားကြ၏။”ဖောက်ထားသည့်လမ်းကြောအတိုင်းလျှောက်လှမ်းသွားပါလျှင် လမ်းလွဲ လမ်းမှားစရာအကြောင်းမရှိ။မိမိသွားလိုသောပန်းတိုင်သို့ လွယ်လင့်တကူရောက်မည်မှာ အမှန်ပင်။တူညီသောပန်းတိုင်သို့ အခြားသောလမ်းကြောတစ်ခုအဖြစ် အသစ်ချဲ့ထွင်သွားလာသောသူကိုကျွန်ုပ်တို့သည် အကောင်းမြင်ပြီးအတူလျှောက်လှမ်းရန်ကူညီခြင်းထက်ထိုသို့သောသူကို ဆိုက်ကိုမိသောသူဟူ၍ တွေးထင်တတ်ကြသည်မှာ မိမိသည်သာမှန်သည်၊ကောင်းသည်ဟူ၍ဇွတ်အထင်ကြီးတတ်သောသူတိုင်းတွင် ရှိနေပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ဘုရားရှင်၏ချစ်ခြင်းနှင့်တည်ရှိခြင်းကို လိုလားတောင့်တသော လူသားများအတွက်ထမင်းမေ့၊ဟင်းမေ့သည်အထိအချိန်ပေးကာ အတူရှိနေသော ကိုယ်တော်ရှင်ကိုမလိုသူများကစိတ်ဖောက်ပြန်သည်ဟုဆိုခြင်းကြောင့်ဆွေမျိုးများထိန်းရန်သွားသည့်အကြောင်းနှုတ်မြွက်ထားပါသည်။ယနေ့စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေသည့်ပျက်စီးဆုံးရှုံးမှုများနှင့်ကျွန်ုပ်တို့ကမ္ဘာသည်ဘုရားရှင်၏တည်ရှိနေခြင်းကို သာသနာအတွက်ဆက်ကပ်သူကျွန်ုပ်တို့အားဖြင့်ခွန်အားယူအသက်ဆက်လိုကြပါသည်။မာရ်နတ်လက်နက်၏အော်ဟစ်ခြိမ်းခြောက်မှုများအကြား နာကျင်နေသောသူတို့နှင့်ကျွန်ုပ်တို့အတူရှိနေခြင်းသည်နွေးထွေးသောခံစားမှုကိုရရှိစေပါသည်။သူတို့နှင့်အတူပေးဆက်လျက် ထပ်တူခံစားကူညီပေးသောသူများကို(Out of his mind)ဆိုက်ကိုမိသူဟုဆိုလျှင်လည်း ခံနိုင်ရည်ရှိရပေမည်။အကြောင်းမှာကျွန်ုပ်တို့၏စံပြုရာသခင်ပင်လျင် လူသားများကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ထက်ပို၍ခံနိုင်ရည်စွမ်းအားကို ပြသသွားခဲ့ပေသည်။အိုသခင်ယုံကြည်သူများကိုအဖော်ပြုနိုင်သောစွမ်းအားကို ကျွန်ုပ်၌ပို၍ဖြည့်တင်းပေးတော်မူပါ။