ဇန်နဝါရီလ ၂၂ ရက်
ဘုရားရှင်၏နှုတ်ကပါတ်တော် တနင်္ဂနွေနေ့
ရှင်မာတေးဦး ၄ : ၁၂ - ၂၃
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin New(ISR)
“ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို ယေဇူးသည် ကြားတော်မူလျှင်ဂါလေလေးယနယ်သို့ ပြန်ကြွသွားတော်မူ၏။ကိုယ်တော်သည် နာဇရက်မြို့မှထွက်ခွာ၍ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်စပ်၊ပင်လယ်ကမ်းခြေတွင်ရှိသော ကာဖာနာ အုမ်မြို့သို့သွား၍ သီတင်းသုံးတော်မူ၏။ဤအကြောင်းအရာသည်ကား ပရောဖက်အီဇာယ၏ဟောထားချက် ပြည့်စုံစေ ရန်ဖြစ်သတည်း။ဟောထားချက်မူကား ဇေဘုလွမ်နှင့် နက်ဖတာလီနယ်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်၌လည်းကောင်း၊ ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၌လည်းကောင်း လူမျိုးခြားတို့နေထိုင်ရာဂါလေလေးနယ်၌လည်းကောင်း၊မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်း ကို မြင်ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ်တွင်နေထိုင်ကြသောသူ တို့အပေါ်သို့ အလင်းတော် ပေါ်ထွန်းလေပြီဟူ၍ဖြစ်သတည်း။ထိုအချိန်မှစ၍ ယေဇူးက နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီဟုမိန့်ဆိုလျက် တရားတော်ကို စတင်ဟောကြားတော်မူလေ၏။ ယေဇူးသည် ဂါလေလေးယပင်လယ်ကမ်းခြေတစ်လျှောက်ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချနေသော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရု ဟုအမည်ရသောစီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကိုမြင်တော်မူ၏။- ထိုအခါ ကိုယ်တော်က သူတို့အား ငါ့နောက်သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များဖြစ်စေမည်ဟု မိန့်တော်မူ၏။သူတို့သည်လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ကြလေ၏။ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ဆက်၍ ကြွသွားတော်မူ သောအခါ ဇေဘေဒေးဦး၏သားများဖြစ်သည့် ယာကုပ်နှင့် သူ၏ညီယောဟန်တည်းဟူသော အခြားညီအစ်ကို နှစ်ဦးသည် မိမိတို့၏ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကိုမြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။- သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ဖခင်ကိုထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြလေ၏။ ကိုယ်တော်သည် ဂါလေလေးယနယ်တစ်ခွင်လုံး သို့လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ ဆုံးမသွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သောဧဝံဂေလိသတင်းကောင်းကို ဟောပြော၍ လူတို့တွင်စွဲကပ်နေသောအနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။”လူ့ဘဝအသက်တာ၏အခြေခံ လိုအပ်ချက်များဖြစ်သော စားဝတ်နေရေးဖူလုံရန်အတွက် သာမန်အချိန်ကာလကတည်းကပင် ရုန်းကန်ရှာဖွေ ရသောသူများအနေဖြင့်ယနေ့ကဲ့သို့ အဘက်ဘက်ချွတ်ချွံကျနေချိန်ဝယ် အလုပ်လက်မဲ့များ၍ မနက်ဖြန်ပျောက်နေသော သူများ များစွာရှိနေပါသည်။တစ်နေ့တာလိုအပ်သောအရာအစားများသည် ဝမ်းဝရုံမျှရှိနေလျင်ပင် တင်းတိမ်ရောင့်ရဲနိုင်မည်ဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ဒွန်တွဲနေထိုင်နေရခြင်းကြောင့် ရှင်သန်ရန်နေ့ရက်တိုင်းသည် ခါးသီးဖွယ်ကောင်းလှ ပေသည်။လူသားချင်း မညှာတာ၊ ကြီးနိုင်ငယ်ညှဉ်းသည့်သဘောထားများနှင့် စိတ်ရှိသည့်အတိုင်း ပြုချင်တိုင်းပြုနေသည့် လူ့ခန္ဓာနှင့်နတ်မိစ္ဆာများ၏ကြီးစိုးမှု၌ ကျွန်ုပ်တို့၏နေ့ရက်များအတွက် မှောင်မိုက်ခြင်းတန်ခိုးသည် ထူထဲလွန်းလှ ပေသည်။ဤမိစ္ဆာများ၏လက်တွင်းမှ ကျွန်ုပ်တို့ကို မည်သူကယ်တင်နိုင်မည်နည်း။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကား၌ ခရစ်တော်သခင်၏ကြွလာခြင်းသည် မှောင်မိုက်တွင် ရှိနေကြသောလူတို့အတွက် ကြီးစွာသောအလင်းကိုမြင်ကြရပြီဖြစ်ကြောင်းနှင့် သေမင်းနိုင်ငံ၏ အရိပ်တွင် နေထိုင်ကြသောသူတို့အပေါ်သို့ အလင်းတော်ပေါ်ထွန်းလေပြီဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။ကိုယ်တော်ရှင်သည် သူ၏သာသနာလုပ်ငန်းကို ခမည်းတော်ဘုရား၏လက်တော်ဝယ် ဆက်ကပ်အပ်နှံလျက် ခိုင်မာသောယုံကြည်ခြင်းဖြင့် နောက်သို့မလှည့် ဖြည်းဖြည်းမှန်မှန်ဖြင့် တပည့်တော်များကိုခေါ်ကာစတင်ခဲ့ပါသည်။ယနေ့ကျွန်ုပ်တို့အတွက် သူ၏သိုးထိန်းများကိုခန့်ထားလျက် ကျွန်ုပ်တို့နှင့်အတူရှိနေစေပါသည်။ယုံကြည်သူကျွန်ုပ်တို့အား ဆေးကြောခြင်းစက္ကရာမင့်မင်္ဂလာကိုခံယူခြင်းအားဖြင့် ကိုယ်တော်ရှင်၏ ရဟန်း၊ဘုရင်၊ပရောဖက်အဖြစ်တော်၌ ပါဝင်ခွင့်ရကြပါသည်။ကိုယ်တော်ရှင်၏ခန္ဓာအစိတ်အပိုင်းများဖြစ်ကြသော ကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်ရှင်၏အလင်းတော်ကို ဤမှောင်မိုက်ဖုံးလွှမ်းရာ အချိန်ကာလ နေရာဒေသတွင်သာမက ထာဝရထွန်းလင်းစေရန် လိုအပ်ပါသည်။အိုသခင် ကိုယ်တော်၏ဝတ်ရုံအောက် မှ လက်တော်ကိုထုတ်၍ မှောင်မိုက်ရာအရပ်ကိုဖျက်ဆီးပေး တော်မူပါ။