ဇန်နဝါရီလ ၂၃ ရက်(တနင်္လာနေ့)
ရှင်မာကု ၃ : ၂၂ - ၃၀
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ဂျေရုဆလင်မြို့မှလာသောကျမ်းတတ်ဆရာတို့ကလည်း သူသည် ဘဲလ်ဇေဘုလ်ပူးဝင်ခြင်းခံရသဖြင့် ထိုနတ်ဆိုးတို့၏အကြီးအကဲကို အမှီပြုလျက် နတ်ဆိုးများကို နှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။- ထိုအခါ ကိုယ်တော်သည် သူတို့ကို အထံတော်သို့ခေါ်၍ ပုံဥပမာများဖြင့်မိန့်တော်မူသည်ကားစာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။တိုင်းနိုင်ငံတစ်ခု၌ အချင်းချင်းဆန့်ကျင်ကွဲပြားလျှင် ထိုနိုင်ငံသည် မတည်တံ့နိုင်ရာ။- ထို့အတူအိမ်တစ်အိမ်၌ မိမိ အိမ်သားအချင်းချင်း ဆန့်ကျင်ကွဲပြားလျှင် ထိုအိမ်သည် မတည်တံ့နိုင်ရာ။စာတန်သည်လည်း မိမိကိုယ်ကို ဆန့်ကျင်၍ ကွဲပြားနေလျှင် သူသည်မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။- ခွန်အားကြီးသူတစ်ဦးကို အလျင်ဦးစွာချည်နှောင်ထိန်းချုပ်ခြင်းမရှိဘဲ သူ၏ အိမ်အတွင်းသို့ဝင်၍သူ၏ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ သူ့ကိုချည်နှောင်ထိန်းချုပ်ပြီးမှသာ သူ၏အိမ်ကိုဝင်ရောက်လုယူနိုင်လိမ့်မည်။ သင်တို့အား ငါအမှန်ဆိုသည်ကား လူတို့သည်မိမိတို့၏အပြစ်များအားလုံးနှင့် ဘုရားသခင်ကို ထိခိုက်ပြစ်မှားမိသမျှသော အပြစ်များအတွက် အပြစ်လွှတ်ခြင်းခံရလိမ့်မည်။သို့သော် ဝိညာဉ်တော်မြတ်အားထိခိုက်ပြစ်မှားသောသူမှန်သမျှသည် မည်သည့်အခါမျှ အပြစ်မှချမ်းသာခွင့်ရလိမ့်မည်မဟုတ်။ ထိုသူသည် အစဉ်ထာ၀ရ အပြစ်ရှိသောသူဖြစ်၏ဟု မိန့်တော်မူ၏။အကြောင်းမူကား ထိုသူတို့ကကိုယ်တော်၌ ညစ်ညူးသောနတ်ဆိုးရှိသည်ဟု ဆိုကြသောကြောင့်ဖြစ်၏။”လူခန္ဓာကိုရရှိပိုင်ဆိုင်ထားသောနတ်မိစ္ဆာများအချင်းချင်းသည် စည်းလုံးခြင်း၏ပြရုပ်များအဖြစ် တပြေးညီသောပုံစံဖြင့်ရက်စက်ကြမ်းကြုတ်ခက်ထန်ခြင်းကို သရုပ်ဖော်နေကြသည်။မိမိ၏တဘက်သတ်အတ္တအတွေးဖြင့်အများ၏ဆန္ဒကို ဥပေက္ခာပြုကာ သူတို့၏လမ်းကို တစိုက်မတ်မတ်လျှောက်နေပါသည်။ထိုသူတို့၏သားကောင်များပမာ တထိတ်ထိတ်နှင့် နေ့ရက်တာများကို ရှင်သန်နေထိုင်ကြရသော်လည်း အမှန်တရားမြတ်နိုးခြင်း၌တရွေးသားမျှမလျော့သောစိတ်ဖြင့် မားမားမတ်မတ်ရပ်တည်နိုင်ခြင်းအတွက် ဆက်လက်ပြီးတောင့်ခံနိုင်ရန် စိတ်ဓါတ်ခွန်အားမြှင့်တင်ရန်လိုအပ်ပါသည်။သမ္မာတရားရှင်သန့်ရှင်သောဝိညာဉ်တာ်သခင်၏ပါဝင်ခြင်းနှင့် တတ်စွမ်းနိုင်ခြင်းတို့ကို တည်ကြည်သောယုံကြည်ခြင်းဖြင့် လေးနက်စွာခံယူနေထိုင်ရန်လိုအပ်ပါသည်။အကြောင်းမှာယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကား၌ ခရစ်တော်သခင်ကို နတ်ဆိုးပူးသည်ဟုဆိုခြင်းကြောင့် သူ၏ရှင်သန်မှုနှင့် သာသနာလုပ်ငန်းတွင်ပါဝင်သောသန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရား၏ အခန်းကဏ္ဍကို ထိခိုက်ပြောဆိုကြခြင်းသည် ခွင့်လွတ်၍မရနိုင်သောပြစ်မှုတစ်ခုဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။မှန်ကန်သည့်လမ်းကြောင်းပေါ်တွင်မရှိမှန်းသိလျက်နှင့် ဆက်လက်မိုက်မဲနေခြင်းသည် ဉာဏ်ပညာတော်ရှင် ဝိညာဉ်တော်ဘုရားရှင်ကို ဆန့်ကျင်သောခေါင်းမာခြင်းအပြစ်ပင်ဖြစ်သည်။အိုသခင် ကိုယ်တော်အားဖြင့်၊ ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၌သားသမီးတို့အား သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို သာ၍ချစ်ခင်မြတ်နိုးစေတော်မူပါ။