ဇန်နဝါရီလ ၂၇ ရက်(သောကြာနေ့)
ရှင်မာကု ၄ : ၂၆ - ၃၄
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သည်မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲခြင်းနှင့်တူ၏။သူသည် မျိုးစေ့ကိုကြဲပြီးနောက် ညနှင့်နေ့အလျောက်အိပ်သည်ဖြစ်စေ၊နိုးနေသည်ဖြစ်စေ မျိုးစေ့သည် အပင်ပေါက်လျက် ကြီးထွားလာ၏။ အဘယ်ကဲ့သို့ကြီးထွားလာနေသည်ကိုမူ သူမသိရှိပေ။အကြောင်းမူကား မြေကြီးသည် အလိုအလျောက်သီးပွင့်စေတတ်၍ ရှေးဦးစွာ အညှောက်၊ ထို့နောက်အနှံ၊ထိုမှ အနှံအောင်၍ အဆန်ကိုဖြစ်စေ၏။အသီးများမှည့်သောအခါတွင်မူသူသည် တံစဉ်နှင့်ချက်ချင်းရိတ်လေ၏။အဘယ်ကြောင့်ဆိုသော် သီးနှံရိတ်သိမ်းချိန်ကျရောက်ပြီဖြစ်သောကြောင့်တည်းဟုမိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်မိန့်တော်မူသည်ကား ဘုရား သခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါတို့ခိုင်းနှိုင်းရမည်နည်း။သို့မဟုတ်၎င်းအတွက် မည်သည့်ပုံဥပမာကို ငါတို့အသုံးပြုရမည်နည်း။၎င်းသည် မုန်ညင်းစေ့နှင့်တူ၏။မုန်ညင်းစေ့သည် မြေတွင်စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေပြင်ပေါ်၌ရှိသောအစေ့တကာတို့တွင် အသေးငယ်ဆုံး မျိုးစေ့ဖြစ်၏။သို့သော် ၎င်းသည် အပင်ပေါက်၍ ကြီးထွားလာသောအခါ ဟင်းသီးဟင်းရွက်ပင်အားလုံးတို့တွင် အကြီးဆုံးဖြစ်လာပြီး ကြီးမားသောအကိုင်းအခက်များ ထွက်လာသဖြင့် မိုးကောင်းကင်ငှက်တို့သည် ၎င်း၏ အရိပ်တွင် အသိုက်များပြုလုပ်နေထိုင် ကြ၏။ကိုယ်တော်သည် သူတို့ကြားနာနိုင်သည့်ပုံဥပမာများဖြင့် သူတို့အား နှုတ်တော်ထွက်တရားတော်ကိုဟောပြောတော်မူ၏ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ မိမိ၏တပည့်တော်တို့ကိုမူကား ကိုယ်တော်သည် အကြောင်းအရာအလုံးစုံကို သီး ခြားရှင်းလင်းဖော်ပြတော်မူ၏။”ယနေ့ကဲ့သို့ ခက်ခဲကြပ်တည်းမှုများနှင့် ဒုက္ခကိုကြိုသောက်နေရသော အချိန်အခါသာမရတွင် လူသားဆန်သောအပြုအမူများနှင့်အတူ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရရှိလာကြပါသည်။ထို့အတူ ကျွန်ုပ်တို့၏ ဘုရားရှင်အပေါ်ထားသော ယုံကြည်ခြင်းသည်လည်း လူပုဂ္ဂိုလ်အပေါ် မူတည်ခြင်းမရှိတော့ဘဲ အကြွင်းမဲ့လွတ်လပ်သော စိတ်ဖြင့် ယုံကြည်ကိုးကွယ်လာကြပါသည်။ဧည့်သည်ပမာ မလုံခြုံသောတဲတွင်နေထိုင်ရ၍ သူတစ်ပါး၏ပံ့ပိုးကူညီမှုများ ဖြင့် မေ့ရက်တာများကို ဆက်နေရသောသူအချို့နှင့် သွားရောက်တွေ့ဆုံရသောအခါ"ဘုရားရှိလား" ဟူသောမေးခွန်းကို မေးကြည့်မိသည်။စိတ်အားထက်သန်သောမျက်နှာနှင့် "ရှိတာပေါ့စစ္စတာရ်၊ ဘုရားရှိလို့ ဒီနေ့အထိ တောင့်ခံနိုင်တာပေါ့" ဟူသော အဖြေကိုရရှိခဲ့ပါသည်။ဤသည်မှာ အဆင်ပြေခဲ့သည့်အချိန်၊သာမန်အချိန်ကာလကတည်းက ရရှိခဲ့သော ယုံကြည်ခြင်းမျိုးစေ့သည်အညှောင့်ပေါက်၍ ဤခက်ခဲသည့်ကာလအချိန်တွင် ရှင်သန်ကြီးထွားလာခြင်းပင်ဖြစ်သည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ကောင်းကင်နိုင်ငံတော်ကို မျိုးစေ့ကြဲသော တောင်သူလူတစ်ဦးနှင့် နှိုင်းယှဉ်ထား၍ မျိုးစေ့အောင်ပြီး အပင်ပေါက်ကာ ကြီးထွားရှင်သန်လာခြင်းနှင့်တူကြောင်း နှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့သည်လည်း ဘုရားရှင်၏နိုင်ငံတော်မျိုးစေ့ကို နေရာတိုင်း နေ့ရက်တိုင်းကြဲရန် လိုအပ်ပါသည်။ဆုံသောသူတိုင်းနှင့် အပြုသဘောဆောင်သော ချစ်ခြင်းကရုဏာမေတ္တာကို မျှဝေပေးရန်လိုအပ်ပါသည်။သာသနာတော်မြတ်၌ဆက်ကပ်အမှုတော်ထမ်းမည့် မျိုးဆက်သစ်များ ပေါက်ဖွားလာရန်လည်း ကလေသူငယ်များနှင့်တွေ့သည့်အခါတိုင်း သူတော်စင်ဘောင်ဝင်လိုသည့်မျိုးစေ့ကိုကြဲပေးရန်လိုအပ်ပါသည်။ အကြောင်းမှာ ခေါ်တော်မူခြင်းကဏ္ဍအသီးသီး၏ အပင်ပေါင်းစုံကို ရှင်သန်ကြီးထွားလာစေသူမှာ ဘုရားရှင်သာ ဖြစ်ပါသည်။အိုသခင် ကျွန်ုပ်ကိုအသုံးပြုတော်မူပါ။