စတုတ္ထကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
ရှင်မာတေးဦး ၅ : ၁ - ၁၂
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ဝမ်းနည်းငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းခံကြရလိမ့်မည်။ စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံကြရလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်လိုအင်ဆန္ဒပြည့်၀ကြလိမ့်မည်။သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်သနားကြင်နာခြင်းခံကြရလိမ့်မည်။စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင် ၏သားများဟု အခေါ်ခံကြရလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၌ သင်တို့ခံစားရမည့်ဆုလာဘ်သည် ကြီး မားလှပေ၏။”မည်မျှပင်ဆင်းရဲနေပါစေ၊ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော မိဘနှစ်ပါး၏အရိပ်အောက်တွင် နေထိုင်ရခြင်းကြောင့် သားသမီးတို့၏နေ့ရက်တာများသည် လုံခြုံနွေးထွေးမှုများ ခံစားကြရပေလိမ့်မည်။ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများသည် မလုံခြုံသောတဲ၌ အအေးသက်သာလိုခြင်းငှါ ကာရံထားသောမိုးကာ အောက်တွင် နေရသော်ငြား လူသားဆန်သောဝန်းကျင်ကြောင့် နေ့ရက်တာ၏ခက်ခဲမှုများကို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြ လေသည်။ခြိမ်းခြောက်မှုများအကြား၊မက်လုံးပေးမြူဆွယ်သော လူမဟုတ်သောလူများအကြား၊နာကျင်မှုကိုသာ ဖက်တွယ်ထားလျက် နာကျည်းသည့်ခံစားချက်များအကြား တောင့်ခံထားနိုင်ခြင်းမှာ အမှန်တရားကိုမြတ်နိုးသော သမ္မာတရားသားသမီးများဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် အတွင်းစိတ်၌ဆင်းရဲသော်ငြား၊လေးပင် သောစိတ်နှလုံးနှင့် နေ့ရက်တာများကို ရင်ဆိုင်ဖြတ်ကျော်ရသော်ငြား၊ ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပမ်း နှိပ်စက်ခြင်းခံရခြင်းကြောင့် ထိုသူတို့သည်မင်္ဂလာရှိကြောင်း နှုတ်မြွက်ထားပါသည်။အတ္တများနှင့် ကမ္ဘာလောကကြီးကား တိုးတက်ပြောင်းလဲနေပေမည်။ သို့သော် လူသားများ၏ဆင်းရဲပင်ပန်းခြင်း ဒုက္ခသည်လည်း တိုးတက်ပြောင်းလဲနေမည်သာဖြစ်သည်။မည်သို့ပင် ခက်ခဲပင်ပန်းနေပါစေ၊ ခံနိုင်ရည်စွမ်းအားထက် ပိုလွန်သောအခါ ခရစ်တော်သခင်ကို အော်ဟစ် တောင်းလျှောက်ရပေမည်။ကျွန်ုပ်တို့အတွက် ကိုယ်တော်ရှင်အမြဲ အဆင်သင့်ရှိနေပါသည်။ ကျွန်ုပ်တို့ကို မင်္ဂလာတရားများဖြင့် သူ၏ကယ်တင်တော်မူခြင်းကို အာမခံပေးထားပြီးဖြစ်ပါသည်။ကျွန်ုပ်တို့ကို မည်သည့်အခါမျှ မပြောင်းလဲသောချစ်ခြင်းမေတ္တာဝတ်ရုံဖြင့် လွှမ်းခြုံပေးလျက် ရှိနေပါသည်။အိုသခင် ကိုယ်တော့်ကိုယုံကြည်၍ချစ်ခြင်းကြောင့်သာ တောင့်ခံထားနိုင်ခြင်းဖြစ်သည်။ အမြန်ဆုံး ကယ်တင်ရန် ကြွလာတော်မူပါ။