ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့၊ ၂၀၂၃၊ ဗုဒ္ဓဟူးနေ့ ၊ သာမန်ကာလ ဆဌမအပတ်
Mk.8:22-26
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်သည်လည်း မျက်စိမြင်သောသူ၏ လက်ကိုဆွဲလျက် သူ့ကိုရွာအပြင်သို့ခေါ်ဆောင်သွားတော်မူ၏။ထို့နောက်ကိုယ်တော်သည်ထိုသူ၏ မျက်စိများကို တံတွေးဖြင့်ဆွတ်၍သူ့အပေါ် ၌လက်တော်ကိုတင်လျက် သင်သည်တစ်စုံတစ်ရာကိုမြင်သလောဟုမေးတော်မူ၏။ထိုသူကလည်း မော်ကြည့်၍ ကျွန်ုပ်သည်လူတို့ကိုမြင်ရပါသည်။သို့သော်သူတို့သည် လမ်းလျှောက်နေသောသစ်ပင်များနှင့်တူပါသည်ဟု လျှောက်လေ၏။ထိုအခါ ကိုယ်တော်သည်သူ၏မျက်စိများပေါ်သို့ မိမိလက်တော်ကိုတစ်ဖန်တင်တော်မူ၏။ထို့နောက်ထိုသူသည် စူးစိုက်၍ ကြည့်ရာအကောင်းပကတိပြန်ဖြစ်လာ၍ အရာအားလုံးကိုကြည်လင်စွာ မြင်ရလေ၏။ရှင်မာကု ၈:၂၃-၂၅ #ထောက်ရုချက် ဝိညာဥ်ရေးသမားတော်များ ပြောလေ့ရှိသောစကားတခွန်းရှိသည်။ "Balancing Being and doing" ဖြစ်တည်မှုနှင့်ဆောင်ရွက်မှုကိုမျှတစေရန်။အမှန်ဘဲ ကျွန်ပ်တို့အသက်တာတွင်မိမိတို့၏ စာဝတ်နေရေး၊နိုင်ငံရေး၊လူမှုရေး၊ကျန်းမာရေး အရေးကိစ္စအတွက်ရှေ့တန်းတင်ရုန်းကန်လှုပ်ရှားရသောအခါ မိမိတို့၏ အတွင်းပိုင်းကဖြစ်တည်မှုဖြစ်သည့် စိတ်ပိုင်းဆိုရာ၊ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက် အတိမ်အနက်၊စီးဆင်းမှုတို့ကို သတိမထားမိတော့ဘဲထင်ရာစိုင်း၊လောဘ၊ဒေါသ၊မောဟဖြင့်လှောင်ပိတ်အမှောင်ထုကြီးလွမ်းသည်ထိဖြစ်တတ်သည်။မီးပျက်သောညများစွာအတွက်အမှောင်ထဲနေရသည့်ခံစားချက် အားလုံးသိနေရသည်။ညအမှောင်ထုထက် ဒေါသ လောဘ မောဟအောက်ကအမှောင်ထုသည် ပို၍ ခက်လှသည်။ယနေ့ကျမ်းစာတော်၌ မျက်မမြင်တစ်ဦးကို ခရစ်တော်ကုသရာဝယ်မျက်မမြင်ကိုလက်ဆွဲလျက် လူစုနှင့်လူဝေးသော အပြင်ဘက်ခေါ်ဆောင်ကုသသည်ကတွေးစရာ။အကယ်စင်စစ် သူ့အား လွမ်းမိုး၊မွန်းကြပ်စေသော လူစုလူဝေး၊ပတ်ဝန်ကျင်၊နေရာ၊အသိုင်းအဝန်းတို့ကြားမှခေါ်ထုတ်ပြီး စစ်မှန်သောအလင်းရစေရန်တို့ထိကုသပေးခြင်းဖြစ်ပေမည်။ထို့အပြင်တကြိမ်တခါတည်း တို့ထိကုသခြင်းမဟုတ်ဘဲ ဒုတိယအချီထိစောင့်စေသည်။ထို့အတူအတွင်း၊အပြင်၊ဖျက်စီးခြင်းနှင့်အကြမ်းဖက်မှုအမှောင်ထုလွမ်းနေသော ကျွန်ုပ်အသက်တာတွေ အလင်းရဖို့ဆိုလျှင် မိုးပေါ်က လျှပ်စီးလက်သလို အလင်းတခုရောက်လာမည်မဟုတ်။ကင်းစောင့်တို့သည်အာရုံဦးကိုမျှော်နေရသည့်အလား ယုံကြည်ခြင်း၊မျှော်လင့်ခြင်းနှင့် စိတ်ရှည်စွာ၊သတိကြီးစွာစောင့်ဆိုင်းဆုတောင်းလျှင် အာရုံဦးဟူသည် တရွေ့ရွေ့ဖြင့် တစ်နေ့တော့ရောက်လာမည်။