ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ✅ သတ္တမမြောက် သာမန်တနင်္ဂနွေနေ့ (A)ထောက်ရှုချက်
အချစ်ကိုလူတွေက အမျိုးမျိုးခွဲခြားသတ်မှတ်ပေးကြတယ်။မိသားစုဝင်တို့နဲ့ဆိုင်သောအချစ်(Storge, starge in Greek)၊လင်မယားတို့နဲ့ဆိုင်သောအချစ်(Eros)၊မိတ်ဆွေအပေါင်းအသင်းတို့နဲ့ဆိုင်သောအချစ်(Philia) စသဖြင့်အသီးသီးခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ကနေ့ကျမ်းစာတော်မြတ်ထဲမှာ ယေဇူးဘုရားရှင်က အာဂါပေ(Agape)လို့ခေါ်တဲ့ခရစ်ယာန်ချစ်ခြင်းအကြောင်းကို သွန်သင်ပေးတော်မူတယ်။ဒီအာဂါပေချစ်ခြင်းကခံစားချက်ပေါ်မှာ မတည်ဘဲကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ရွေးချယ်မှုပေါ်မှာတည်ရှိရှင်သန်တယ်။ မိမိတို့ မနှစ်သက်သောသူများအပါအဝင် တစ်ပါးသူများရဲ့ကောင်းကျိုးချမ်းသာကို အလေးထားတုန့်ပြန်သော ချစ်ခြင်းမျိုး ဖြစ်တယ်။ဓမ္မဟောင်းကျမ်းထဲမှာ“သင့်နှင့်အတူနေသော ဧည့်သည်ကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ကိုယ်နှင့်အမျှ ချစ်ရမည်(ဝတ်ပြု ၁၉:၃၄)။”သူ့လူကိုယ့်လူဖြစ်အောင်လုပ်ပြီးဆုံးဖြတ်စေတယ်။ဒါ့အပြင်“သင်၏ရန်သူသည် အစာငတ်လျှင်သူ့အား စားစရာကိုပေးလော့။ရေငတ်နေလျှင်သူအားသောက်ရေကို ပေးလော့(ပညာအလိမ္မာ၂၅: ၂၁-၂၂)“လို့ဖော်ပြထားပေမယ့် ကြောင်းကျိုးဆင်ခြင်ချက်အရ မိမိတို့ရဲ့ဆွေမျိုးမိတ်ဖက်များဖြစ်တဲ့ အတွင်းလူတို့ကို ချစ်ခင်ပြီး အပြင်လူများကိုတော့မုန်းလို့ရတဲ့သဘောမျိုးကို သုံးသပ်တွေ့ရှိနိုင်တယ်။ဒါကြောင့် ယေဇူးရှင်ကလည်း“သင်နှင့်နီးစပ်သူကို ချစ်လော့။ သင့်၏ရန်သူကိုမုန်းလော့“ဟူသောပညတ်စကားရှိသည်ကိုသင်တို့ကြားခဲ့ရလေပြီ”လို့ ထောက်ပြထားခဲ့တယ်။ဓမ္မဟောင်းကျမ်းနဲ့တစ်မူကွဲပြားပြီး ကိုယ်တော်ရှင်က “သို့သော် သင်တို့အား ငါဆိုသည်မှာသင်တို့၏ရန်သူတို့ကို ချစ်ကြလော “ လို့ ဆက်ပြီးမိန့်ကြားတော်ခဲ့တယ်။အကြောင်းရင်းအဖြစ် ချပြပေးတော်မူတာက လူအပေါင်းတို့ရဲ့အရှင် ဘုရားသခင်ဟာ ဆိုးသူ၊ကောင်းသူအပေါ်ကို သူ့နေကို ထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူအပေါ်မိုးကိုရွာစေတယ်။ထိုနည်းတူ ကိုယ်တော်ရှင်က သူ့တပည့်သာဝကတွေကို လူအများအား မခွဲခြားဘဲချစ်ခင်အစေခံဖို့ မျှော်လင့်တောင်းဆိုတယ်။“ကောင်းမှုတစ်ခု နေ့စဉ်ပြု”ဆိုရိုးစကားဟာ ကောင်းမှုမပြုဘဲ နေထိုင်ခဲ့တဲ့နေ့ရယ်လို့ မရှိစေနဲ့လို့ဆိုလိုခြင်းပါပဲ။အဖေတူသားသမီးများ ဖြစ်ကြရမယ်။“ထိုကြောင့် ဘုရားသခင် ချစ်မြတ်နိုးသည့် သားသမီးများ ဖြစ်ကြသည့်အတိုင်း ကိုယ်တော်ကို အတုယူကြလော့။ခရစ်တော်သည် ငါတို့ကို ချစ်မြတ်နိုး၍ငါတို့အတွက် မိမိကိုယ်ကို မွှေးကြိုင်သောပူဇော်သကာနှင့်ယဇ်ကောင်အဖြစ်ဘုရားသခင်အား ပူဇော်တော်မူသကဲ့သို့ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ၌လျှောက်လှမ်းကြလော့“(ဧဖက် ၅:၁-၂)။ အာခံခြင်းထက် နာခံခြင်းရှိသူများ ဖြစ်ကြရမယ်။“သင်တို့သည် နာခံခြင်းရှိသော သားသမီးများဖြစ်ကြသည့်အတိုင်းယခင်သင်တို့ အသိတရားမဲ့စဉ်ကရှိခဲ့သော ရမက်ဆန္ဒများ နောက်သို့မလိုက်ကြစေနှင့်။သို့သော် သင်တို့ကိုခေါ်တော်မူသောသခင်သည်သန့်ရှင်းမွန်မြတ်သကဲ့သို့သင်တို့သည်လည်း သင်တို့ကျင့်ကြံသမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများဖြစ်စေကြလော့” (၁-ပေ ၁:၁၄-၁၅)။ဘယ်သူ့ကိုမျှစိတ်ထဲမှ မမုန်းကြဖို့ သေချာအောင် ကိုယ်တော်ရှင်က “သင်တို့ကိုနှိပ်စက်ညှင်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့“လို့ထပ်ဖြည့်တောင်းခံတော်မူတယ်။ မုန်းသောသူအတွက် ဆုတောင်းပေးဖို့က မဖြစ်နိုင်။ နာကျင်စေသူကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်၊ခွင့်မလွှတ်နိုင်ရင် နာကျင်မှုကိုစွန့်လွှတ်ရပါလိမ့်မယ်။ခါးသီးနာကြည်းမှုနဲ့ မလိုမုန်းထားစိတ်ကို သတ်ပစ်ဖို့ကဘုရားရှေ့မှောက်မှာ နာကျင်စေခဲ့သူအတွက် ဆုတောင်းပေးခြင်းပါပဲ။ ပညတ်ဆိုတာကြိုက်တာ၊မကြိုက်တာ သာမည၊ လိုက်နာဖို့က အဓိက။