၉ . ၃. ၂၀၂၃ (ဝါတွင်း ဒုတိယအပတ်၊ ကြာသပတေးနေ့)
ရှင်လုကာ ၁၆း ၁၉-၃၁
ထောက်ရှုချက် By Sr.Angela Lun FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သို့သော် အာဘရာဟံက ငါ့သား၊သင်အသက်ရှင်စဉ်အခါက စည်းစိမ်ချမ်းသာခံစားခဲ့ရသည်ကို၎င်း၊လာဇရူးသည်ကားဆင်းရဲဒုက္ခခံရသည်ကို၎င်း သတိရလော့။ယခုမှာမူ သူသည်နှစ်သိမ့်ခြင်းခံရ၍ သင်သည်ပြင်းထန်စွာဒဏ်ခံရပြီ။ဘ၀မှာအသက်ရှင်ခိုက် စားကောင်း၀တ်လှစွာနဲ့ နေထိုင်ခြင်းဟာ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ ကျေးဇူးတော်တစ်ပါးဖြစ်တယ်။မိမိတို့ ရရှိထားတဲ့ကျေးဇူးတော်တွေကို တစ်ပါးသူအား မျှဝေနိုင်ခြင်းဟာ ဘုရားရဲ့ကျေးဇူးတော်ကိုအသိအမှတ်ပြုခြင်းတစ်ခုဖြစ်ပေတယ်။မိမိနှင့် နီးစပ်သူနဲ့လည်း စိတ်နှလုံးသားချင်းရင်းနှီးနီးစပ်စေတဲ့အရာဖြစ်တယ်။တစ်မျိုးပြောရမယ်ဆိုရင် ချစ်ခြင်းအရှင်ဘုရားသခင်အတွက် မိမိတို့စိတ်နှလုံးသားများဖွင့်ဟပြီး နေရာပေးခြင်းဖြစ်တယ်။ဒီကနေ့သခင်ခရစ်တော်ကကျမ်းစာထဲက သူဌေးကြီးနှင့်လာဇရု ပုံဥပမာဖြင့်ကျွန်ုပ်တို့ရရှိထားတဲ့ အသက်တာမှာ ကျေးဇူးတော်များအတွက်ဘုရားသခင်ကို မမေ့လျော့ဖို့နှင့် ထိုကျေးဇူးတော်များကို ဝေမျှခြင်းအားဖြင့် ကောင်းကင်သုခရွှေနိုင်ငံဖြစ်သောကျွန်ုပ်တို့အားလုံးရဲ့ပန်းတိုင်ကိုမျှော်ကိုးပြီး အသက်ရှင်ကြဖို့ ဖိတ်ခေါ်နေပါတယ်။တပါးသူရဲ့လိုအပ်ချက်အပေါ်မိမိ၏မသိတတ်မှု၊လျစ်လျူရှုတတ်ခြင်း(မသိကျေးကျွန်ပြုခြင်း)ကကိုယ့်ကို အပြစ်ထဲရောက်စေသလို ထာ၀ရကောင်းကင်နိုင်ငံလည်း ဝင်ခွင့်မရဖြစ်စေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သနားကြင်နာခြင်း၊ချစ်ခြင်း၊ကိုယ်ချင်းစာစိတ်ရှိခြင်း၊ရက်ရောပေးကမ်းခြင်းတွေကဘုရားသခင်ရဲ့နှလုံးသားကို ပိုင်ဆိုင်စေလို့ပဲဖြစ်ပါတယ်။ဒီ၀ါတွင်းကာလမှာမကောင်းမှုကို ရှောင်ကြဉ်ခြင်းတစ်ခုတည်းနဲ့ မဟုတ်ဘဲလုပ်သင့်လုပ်ထိုက်တဲ့ အရာများကိုကိုယ်စိတ်နှလုံးအပြည့်ဖြင့်အချိန်မဆွဲဘဲချက်ချင်းလုပ်ဆောင်ခြင်းအားဖြင့်သခင်ခရစ်တော်ရဲ့ ဒုက္ခစရိယာ၌ပါဝင်ကြပါစို့။