၃၁. ၃. ၂၀၂၃ (သောကြာနေ့)
ရှင်ယောဟန် ၁၀: ၃၁ - ၄၂
ထောက်ရှုချက် By Sr. Lucia Premay Htay FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ငါသည် ခမည်းတော်၏အမှုတော်ကို မဆောင်ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။သို့သော် ထိုအမှုများကိုငါဆောင်ရွက်လျှင်သင်တို့ မယုံသော်လည်းထိုအမှုကို ယုံကြည်ကြပါလော့။”ခရစ်တော်ဘုရားရှင်ကသူနဲ့သူ့ရဲ့ခမည်းတော်ဘုရားကတစ်လုံးတစ်၀တည်းဖြစ်ကြောင်း သူ့ရဲ့လုပ်ငန်းများအားလုံး အဖခမည်းဘုရားထံမှလာကြောင်းအတိအလင်း ပြောဆိုခဲ့ပါတယ်။“လုပ်ဆောင်ချက်များက စကားလုံးတွေထက်အသံပိုကျယ်တယ် ”ဆိုတဲ့ ဆိုရိုးစကားလိုပေါ့.ခရစ်တော်က သူ့ပြောတဲ့စကားတွေနဲ့ သူ့ကိုမစီရင်ဘဲသူ့ရဲ့လုပ်ရပ်များနဲ့သာတရားစီရင်ပြီးယုံကြည်လက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မှန်ကန်သောစကားတွေကို လက်မခံနိုင်တဲ့ဂျူးလူမျိုးတစ်ချို့ကသူ့ကိုကျောက်ခဲနဲ့ပေါက်ရန်ကြိုးစားခဲ့ကြပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့လုပ်ရပ်တွေတိုင်းကသူပြောတဲ့ စကားလုံးတွေအမှန်အကန်ဖြစ်ကြောင်းသက်သေပြနေခြင်းပဲဖြစ်ပါတယ်။ခရစ်ယာန်တစ်ယောက်အဖြစ်ခေါ်ခြင်းခံရသော ကျွန်ုပ်တို့တွေအားလုံး ကိုယ်ရဲ့အပြုအမူတိုင်း၊လုပ်ရပ်တိုင်းအားလုံးကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားထဲက ကောင်းမြတ်ခြင်းနဲ့ ချစ်ခြင်းတရားတွေကိုရောင်ပြန်ဟပ်စေဖို့လိုအပ်ပါတယ်။ ဂျူးလူမျိုးတွေက ခရစ်တော်ရဲ့ စကားရော လုပ်ရပ်ပါ မယုံကြည်ဖို့ရွေးချယ်ခဲ့ကြပါတယ်။ သို့သော် ဂျော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတွေလူတွေကတော့ ခရစ်တော်ရဲ့ စကားနဲ့ လုပ်ရပ်များကိုတွေ့မြင်တဲ့အခါယုံကြည်လက်ခံခဲ့ကြပါတယ်။ဒီကနေ့ကျွန်ုပ်ရဲ့ယုံကြည်လက်ခံမှု၊ကျွန်ုပ်ရဲ့ရပ်တည်မှုတွေက ဘာတွေလဲ။ဂျူးလူမျိုးတွေလိုလား.ဒါမှမဟုတ်ဂျော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ လူတွေလိုလား?