၂၀၂၃ခုနှစ်၊ ဧပြီလ (၄) ရက် သန့်ရှင်းသော ရက်သတ္တပတ် အင်္ဂါနေ့(ခရမ်းရောင်)
ပထမကျမ်း - ဟေရှာယ ၄၉း၁-၆
ဧဝံဂေလိကျမ်း - ယောဟန် ၁၃း၂၁-၃၃၊ ၃၆-၃၈
Reflection by Sr. Florence Yi, SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤကဲ့သို့မိန့်တော်မူပြီးနောက် ယေဇူးသည်စိတ်သောကရောက်၍၊သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား၊သင်တို့ထဲမှတစ်ဦးသည်ငါ့ကိုရန်သူ့လက်သို့အပ်နှံလိမ့်မည်ဟုမိန့်တော်မူ၏။ကိုယ်တော်သည်မည်သူ့ကိုရည်ညွှန်းပြောဆိုကြောင်း သေချာမသိကြသောကြောင့် တပည့်တော်တို့သည် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။ကိုယ်တော်၏တပည့်တော်များထဲမှယေဇူးချစ်တော်မူသောတပည့်တော်သည်ကိုယ်တော်၏ရင်ခွင်အနီးတွင်လျောင်းလျက်ရှိ၏။ထို့ကြောင့် စီမွန်ပေတရုကသူ့အားမေးလျှောက်ရန် အရိပ်အကဲပြလေ၏။သို့ဖြစ်၍ သူသည်ယေဇူး၏ ရင်ခွင်နှင့်နီးကပ်စွာလဲလျောင်းလျက်၊သခင်ဘုရား၊ထိုသူသည်မည်သူဖြစ်မည်နည်းဟုကိုယ်တော်အားမေးလျှောက်လေ၏။ယေဇူးကဤပေါင်မုန့်တစ်ဖဲ့ကိုနှစ်ပြီးငါပေးမည့်သူကားထိုသူပင်ဖြစ်သတည်းဟုမိန့်တော်မူ၏။ဤသို့ဖြင့် ကိုယ်တော်သည်ပေါင်မုန့်တစ်ဖဲ့ကိုနှစ်ပြီးသောအခါ၎င်းကိုစီမွန်အစ္စကာရီယုဒ်၏သား ဂျူဒအားပေးလေ၏။ဂျူဒသည် ထိုပေါင်မုန့်တစ်ဖဲ့ကိုခံယူပြီးနောက် စာတန်နတ်ဆိုးသည်သူ၌ဝင်လာ၏။ယေဇူးကလည်း သင်ပြုလုပ်မည့်အမှုကိုအလျင်အမြန်ပြုလုပ်လော့ဟုသူ့အား မိန့်တော်မူ၏။ထိုအချိန်၌ ကိုယ်တော်သည်ဂျူဒအားအဘယ်ကြောင့်ဤကဲ့သို့ မိန့်တော်မူသည်ကို စားပွဲတွင်ထိုင်နေသူတစ်ဦးမျှမသိကြပေ။ဂျူဒသည် ငွေအိတ်ကိုကိုင်ရသူဖြစ်သောကြောင့် ယေဇူးကပွဲတော် အတွက်လိုအပ်သည်များကိုဝယ်ယူရန်၊သို့မဟုတ် ဆင်းရဲသားတို့အားတစ်စုံတစ်ရာ ပေးကမ်းရန်အတွက်ပြောဆိုခြင်းဖြစ်မည်ဟုအချို့က ထင်မှတ်ကြ၏။ဤသို့ဖြင့် သူသည်မုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါအပြင်သို့ ချက်ချင်းထွက်သွားလေ၏။ထိုအချိန်ကား ညအချိန်ဖြစ်သတည်း။ဂျူဒထွက်သွားသောအခါ ယေဇူးကလူသားသည်ယခုအခါ၌ဘုန်းဂုဏ်တော် ထင်ရှားလေပြီ။ဘုရားသခင်သည်လည်း သူ့အားဖြင့်ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။ဘုရားသခင်သည်သူ့အားဖြင့်ဘုန်းဂုဏ်တော်ထင်ရှားတော်မူလျှင်၊ကိုယ်တော်သည်သူ့ကို မိမိကိုယ်တော်တိုင်အားဖြင့်ဘုန်းဂုဏ်တော်ထင်ရှားစေတော်မူလိမ့်မည်။ကိုယ်တော်သည် ယခုချက်ချင်းပင်သူ့ကိုဘုန်းဂုဏ်တော်ထင်ရှားစေလိမ့်မည်။ချစ်သားတို့ ငါသည်သင်တို့နှင့်အတူတစ်ခဏမျှသာရှိတော့မည်။သင်တို့ သည်ငါ့ကိုရှာကြလိမ့်မည်။ဂျူးလူမျိုးတို့အားငါပြောခဲ့သည့်အတိုင်းယခု သင်တို့အားငါပြောမည်။ငါသွားမည့်နေရာသို့ သင်တို့မလာနိုင်ကြ။စီမွန်ပေတရုကသခင်ဘုရားမည်သည့်အရပ်သို့ကိုယ်တော် ကြွသွားတော်မူမည်နည်းဟုမေးလျှောက်လေ၏။ယေဇူးက ငါသွားမည့်နေရာသို့ ယခု သင်မလိုက်နိုင်။ သို့သော် နောင်အခါတွင် သင်လိုက်ရလိ့မ်မည်ဟု မိန့်တော်မူ၏။ ပေတရုက တပည့်တော်သည် အဘယ်ကြောင့် ယခုမလိုက်နိုင် ရပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် မိမိ၏အသက်ကိုပင် စွန့်ပါမည်ဟုလျှောက်လေ၏။ယေဇူးက သင်သည် ငါ့အတွက်သင်၏အသက်ကိုစွန့်မည်လော။သင့်အား ငါဧကန်အမှန်ဆိုသည်ကား ကြက်ဖမတွန်မီသင်သည် ငါ့ကိုသုံးကြိမ်ငြင်းပယ်ပြီးဖြစ်လိမ့်မည်ဟုပြန်ဖြေတော်မူ၏။ထောက်ရှုချက်-သခင်ယေဇူးသည် ဂျူဒသူ့ကိုရောင်းစားမည်ကိုကြိုတင်သိထားလျက် အေးဆေးစွာဖြင့်ဂျူဒကိုသတိပေးသနည်း။ရှင်ပေတရုသုံးကြိမ်တိုင်တိုင်ယေဇူးကို ငြင်းပယ်မည်ကိုသိလျက်နှင့်အဘယ့်ကြောင့်သူ့ကို ခွင့်လွှတ်သနည်း။သခင်ယေဇူးဖမ်းဆီးခံရစဉ်တပည့်တော်ကြီးများသည်ကြောက်ရွံ့သဖြင့် ပုန်းအောင်းနေကြသည်။ သခင်ယေဇူး မည်မျှခံစားရမည်နည်း။ကျွန်ုပ်တို့ လူသား အနေဖြင့် မိမိကိုရောင်းစားမည့်သူ၊ ပုန်ကန်မည့်သူ၊ကိုယ့်ကိုသေကြောင်းကြံသူကို ကြိုတင်သိခဲ့ပါ လျှင် ကျွန်ုပ်တို့သည် ဝမ်းနည်းမည်၊ ဒေါသထွက်မည်၊ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားလှပါသည်။မိမိ၏အသက်ကိုပင်မနှမြောဘဲအကုန်အစင်ပေးသူဖြစ်သည်။ကျွန်ုပ်တို့လည်း ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားလျက် အချင်းချင်းခွင့်လွှတ်နိုင်အောင်ကြိုးစားကြပါစို့။