၂၀၂၃ ခုနှစ်၊ ဧပြီလ (၈) ရက်၊ သန့်ရှင်းသောရက်သတ္တပတ်၊စနေနေ့ကြီး၊အနီရောင်
ဧဝံဂေလိကျမ်း ။ ။ မာတေဦး ၂၈း၁-၁၀
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဥပုသ်နေ့လွန်ပြီးနောက်ရက်သတ္တပတ်၏ပထမနေ့အာရုဏ်တက်ချိန်၌ မာရိယာမာဒေလေးနာနှင့်အခြားသောမာရိယာသည်သင်္ချိုင်းတော်ကိုကြည့်ရှုရန်လာကြ၏။ထိုအခါ ရုတ်တရက်မြေငလျင်ပြင်းစွာလှုပ်လေ၏။အကြောင်းမူကား ထာဝရဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှဆင်းလာ၍သင်္ချိုင်းဂူဝရှိ ကျောက်တုံးကိုလှိမ့်ဖယ်ပြီး၎င်းပေါ်၌ ထိုင်နေသောကြောင့်ဖြစ်၏။သူ၏ အဆင်းသဏ္ဌာန်သည် လျှပ်စစ်လက်သကဲ့သို့ဖြစ်၍သူ၏အဝတ်မှာလည်းနှင်းကဲ့သို့ဖြူဖွေးလာ၏။အစောင့်တို့သည်လည်း ကောင်းကင်တမန်တော်ကိုလွန်စွာကြောက်ရွံ့ကြသောကြောင့် တုန်လှုပ်ကာလူသေကောင်များကဲ့သို့ဖြစ်ကြလေ၏။အမျိုးသမီးတို့ကိုမူကောင်းကင် တမန်တော်ကကြောက်ရွံ့ခြင်းမရှိနှင့်။အကြောင်းမူကားလက်ဝါးကပ် တိုင်ပေါ်တွင် အသတ်ခံရသောယေဇူးအား သင်တို့ရှာနေကြသည်ကိုငါသိ၏။ကိုယ်တော်သည် ဤနေရာတွင်မရှိ။အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည်မိန့်တော်မူခဲ့သည့်အတိုင်း ရှင်ပြန်ထမြောက်တော်မူလေပြီ။ကိုယ်တော်လျောင်းတော်မူခဲ့သော နေရာကိုလာ၍ကြည့်ကြလော့။ထို့နောက် သင်တို့အလျင်အမြန် သွားကြ၍ကိုယ်တော်သညသေခြင်းမှရှင်ပြန်ထမြောက်တော်မူကြောင်းကို ကိုယ်တော်၏ တပည့်တော်တို့အားပြောကြားကြလော့။ကိုယ်တော်သည် ဂါလေလေးယနယ်သို့သင်တို့အလျင် ဦးစွာကြွတော်မူမည်ဖြစ်၍ ထိုနေရာ၌ကိုယ်တော်ကို သင်တို့ မြင်ဖူးကြရလိမ့်ဖြစ်ကြောင်း သင်တို့အားယခုငါပြောထားနှင့်ပြီဟုဆိုလေ၏။သူတို့သည်လည်း ကြောက်ရွံ့ခြင်းနှင့်ကြီးစွာသောဝမ်းမြောက်ခြင်းတို့ဖြင့်ပြည့်လျက်သင်္ချိုင်းတော်မှအလျင်အမြန် ထွက်သွားကြ၍ကိုယ်တော်၏ တပည့်တော်တို့အား ပြောကြားရန်ပြေးသွားကြလေ၏။ထိုအခါယေဇူးသည် သူတို့နှင့်တွေ့ဆုံ၍ သင်တို့၌မင်္ဂလာရှိပါစေဟုနှုတ်ဆက်လေ၏။သူတို့သည်လည်းအထံတော်သို့ချဥ်းကပ်ကြ၍ ကိုယ်တော်၏ခြေတော်ကို ဖက်ကိုင်ကြလျှက်ပျပ်ဝပ်ရှိခိုးကြ၏။ထို့နောက် ယေဇူးကမကြောက်ကြနှင့်။သွားကြ၍ငါ၏ညီအစ်ကိုများအားဂါလေလေးယနယ်သို့သွားရန်ပြောကြားလော့။ထိုအရပ်၌ သူတို့သည်ငါ့ကို မြင်တွေ့ကြရလိမ့်မည်ဟုသူတို့အား မိန့်တော်မူ၏။ထောက်ရှုချက်-လူသားများအတွက်သေခြင်းတရားသည် အဆုံးသတ်ခြင်းမဟုတ်ချေ။ရှင်ပြန်ထမြောက် ခြင်းရှိသည်။မာရိယာမောဒလေနားနှင့် အမျိုးသမီးအချို့က သခင်ယေဇူး၏ သင်္ချိုင်းတော်သို့လာရောက်စဉ် စိတ်ဓာတ်ကျနေကြသည်။ဝမ်းနည်းနေကြသည်။ သခင်ယေဇူး သက်တော်ထင်ရှားရှိစဉ်က ဟောကြားခဲ့သော“ရှင်ပြန်ထမြောက်ခြင်း”ကို သတိမရကြတော့ပေ။ဘဝတွင် ဝမ်းနည်း ခြင်း၊မျှော်လင့်ချက် ကင်းမဲ့ခြင်းစသည်တို့သည်ကျွန်ုပ်တို့၏အမြင်ကိုအကန့်အသတ်ဖြစ်စေပါသည်။အဝေးကိုမမြင်နိုင်တော့ပါ။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် လူသားများ၏တမလွန်ဘဝအတွက် အာမခံချက်ရှိသည်။ဤအာမခံချက်ကို ရယူနိုင်ရန်အတွက်ကျွန်ုပ်တို့ လိုအပ်သောပါရမီကိုကြိုးစားအားထုတ်ကြပါစို့။