၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၂) ရက် ပါစကား ရက်သတ္တပတ်၊ဗုဒ္ဓဟူးနေ့ အဖြူရောင်
ပထမကျမ်း။ ။တမန်တော် ၃း၁-၁၀
ဧဝံဂေလိကျမ်း။ ။ လုကာ ၂၄း၁၃-၃၅
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုတစ်နေ့တည်းတွင်ပင် သူတို့အထဲမှလူနှစ်ဦးသည် ဂျေရုဆလင်မြို့မှခုနှစ်မိုင်ခန့်ဝေးသော ဧမာဦးရွာသို့ ခရီးသွားကြ၏။လမ်းခရီးတွင် သူတို့သည်ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုကြလေ၏။ထိုသို့ သူတို့အချင်းချင်းပြောဆိုဆွေးနွေးလျက်ရှိစဉ်ယေဇူးကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူခရီးသွားတော်မူ၏။သို့ရာတွင်ကိုယ်တော်ဖြစ်သည်ကို မမှတ် မိစေရန် သူတို့၏မျက်စိများသည် ထိန်းချုပ်ခြင်းခံရ၏။ကိုယ်တော်က သင်တို့သည် ခရီးသွားစဥ် မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆိုနေကြသနည်းဟု သူတို့အားမေးတော်မူ၏။ ထိုအခါ သူတို့သည် ၀မ်းနည်းကြေကွဲသောမျက်နှာနှင့် ရပ်တန့်သွားကြလေ၏။ထို့နောက်သူတို့တွင်ကလေအိုဖအမည်ရှိသောသူက ဂျေရုဆလင်မြို့၌ သင်တစ်ဦးတည်းသာဧည့်သည်ဖြစ်လျက်ဤနေ့ရက်များတွင် ဤမြို့၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မသိပါသလောဟုပြန်မေးလေ၏။ကိုယ်တော်ကလည်း မည်သည့်အကြောင်းအရာများနည်းဟုမေးတော်မူလျှင်သူတို့က ပြန်ဖြေသည်မှာ ဘုရားသခင်နှင့်လူအပေါင်းတို့၏ရှေ့မှောက်တွင် အပြုအမူနှင့်ဟောပြောချက်တို့၌တန်ခိုးကြီးသော ပရောဖက်ဖြစ်သည့် နာဇရက်မြို့သား ယေဇူး၏အကြောင်းနှင့်၊ ကျွန်ုပ်တို့၏ ရဟန်းအကြီးအကဲများနှင့် အုပ်ချုပ်သူအရာရှိတို့သည် သူ့ကို သေဒဏ်စီရင်ရန် အပ်နှံကြ၍ လက်ဝါးကပ်တိုင် တင်ကြသည့် အကြောင်းများပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့မူကား သူသည် အစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့်သူဖြစ်သည်ဟူ၍မျှော်လင့်ထားခဲ့ကြ၏။ထိုမျှမကသေး၊ ဤယနေ့သည် ထိုအကြောင်းအရာများဖြစ်ခဲ့ပြီး သုံးရက်မြောက်သောနေ့ဖြစ်ပါသည်။ထို့အပြင်ကျွန်ုပ်တို့အထဲမှအချို့သောအမျိုးသမီးများသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့ပါသည်။ သူတို့သည် ယနေ့နံနက်စောစောတွင် သင်္ချိုင်းသို့သွားခဲ့ကြပြီးကိုယ်တော်၏ အလောင်းတော်ကို မတွေ့ခဲ့ကြပေ။ သူတို့သည် ပြန်လာ၍ ကိုယ်တော်သည် အသက်ရှင်လျက်ရှိသည်ဟုပြောဆိုသော ကောင်းကင်တမန်တော်များကိုတွေ့မြင် ခဲ့ကြကြောင်းပြောပြကြပါသည်။ထိုအခါကျွန်ုပ်တို့နှင့်အတူရှိနေကြသောသူများထဲမှ အချို့သည် သင်္ချိုင်းတော်သို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့သည့်အတိုင်းတွေ့မြင်ခဲ့ကြရသော်လည်း ကိုယ်တော့်ကိုမူ မတွေ့ခဲ့ကြပါဟု ဆိုကြလေ၏။ထိုအခါ ကိုယ်တော်က အိုမိုက်မဲသောလူတို့ ပရောဖက်တို့ ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်ရန် နှောင့်နှေးကြလေပြီတကား။ခရစ်တော်သည် မိမိ၏ ဘုန်းဂုဏ်တော်သို့ ကြွဝင်တော်မူရန်အတွက်ဤအရာများကို ခံထမ်းရန်လိုအပ်သည် မဟုတ်လောဟု မိန့်တော်မူ၏။ထို့နောက် ကိုယ်တော်သည် မိုးဇက်မှစ၍ပရောဖက်ရှိသမျှတို့က မိမိကိုအကြောင်းပြုလျက်ရေးထားသောကျမ်းချက်များ၏အဓိပ္ပာယ်ကို သူတို့အားရှင်းလင်းဖော်ပြတော်မူ၏။သူတို့ ခရီးပြုနေသည့်ရွာအနီးသို့ ရောက်သောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန် ပြုတော်မူ၏။ သို့သော် သူတို့က ကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ။ အဘယ်ကြောင့်ဆိုသော် ညနေစောင်း၍ နေ့တာလည်း ကုန်လုနီးပါပြီဟုအနူးအညွတ်တောင်းပန်ကြသဖြင့် ကိုယ်တော်သည် သူတို့နှင့်အတူဝင်၍ တည်းခိုတော်မူ၏။ ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ရှိတော်မူသောအခါ ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးပြီးမှ ဖဲ့၍၎င်းကို သူတို့အား ပေးတော်မူ၏။ ထိုအခါ သူတို့၏မျက်စိများ ပွင့်လာကြ၍ ကိုယ်တော်ဖြစ်မှန်း သိကြလေ၏။ ကိုယ်တော်သည်လည်း သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော်မူ၏။သူတို့က လမ်းခရီး၌ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူ စကားပြောလျက် ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကိုရှင်းလင်းဖွင့်ဆိုပြတော်မူသောအခါအကျွန်ုပ်တို့၏ နှလုံးသားများသည် အကျွန်ုပ်တို့အတွင်း၌ မီးလျှံကဲ့သို့တောက်လောင်နေခဲ့သည် မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။သူတို့သည်လည်း ထိုအချိန်နာရီ၌ပင်ထ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားကြပြီးလျှင် တစ်ကျိပ်တစ်ပါးနှင့် သူတို့အပေါင်းအဖော်များ အတူတကွစုဝေးနေသည်ကို တွေ့ကြ၏။ ထိုသူတို့က သခင်ဘုရားသည် ဧကန်အမှန်ရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည် စီမွန်ကို ထင်ရှားပြတော်မူပြီဟုဆိုကြ၏။ထိုအခါ ထိုသူနှစ်ယောက်တို့သည်လည်းလမ်းခရီး၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုလည်းကောင်းပေါင်မုန့်ကိုဖဲ့တော်မူရာ၌ ကိုယ်တော်ဖြစ်ကြောင်း သိရသည်ကိုလည်းကောင်းပြောပြကြလေ၏။