၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၃) ရက် ပါစကား ရက်သတ္တပတ်ကြာသပတေးနေ့၊အဖြူရောင်
ပထမကျမ်း-တမန်တော် ၃း၁၁-၂၆
ဧဝံဂေလိကျမ်း-လုကာ ၂၄း၃၅-၄၈
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုအခါထိုသူနှစ်ယောက်တို့သည်လည်း လမ်းခရီး၌ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုလည်းကောင်း၊ပေါင်မုန့်ကိုဖဲ့တော်မူရာ၌ကိုယ်တော်ဖြစ်ကြောင်းသိရသည်ကိုလည်းကောင်းပြောပြကြလေ၏။သူတို့သည် ဤအကြောင်းအရာကိုပြောနေကြစဥ်ယေဇူးသည်ကိုယ်တော်တိုင်သူတို့အလယ်၌ရပ်လျက်သင်တို့၌ငြိမ်းချမ်းသာယာခြင်း ရှိပါစေသတည်းဟုသူတို့အားမိန့်တော်မူ၏။သူတို့မူကားကြောက်ရွံ့တုန်လှုပ်၍တစ္ဆေကိုမြင်ရသည်ဟုထင်မှတ်ကြ၏။ကိုယ်တော်ကလည်း သင်တို့သည် အဘယ်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကြသနည်း။ အဘယ်ကြောင့် သင်တို့၏ စိတ်နှလုံး ထဲ၌ ယုံမှားသံသယဖြစ်ကြသနည်း။ ငါ၏လက်နှင့် ခြေတို့ကို ကြည့်ကြလော့။ ငါကိုယ်တိုင်ပင် ဖြစ်၏။ ငါ့ကိုစမ်းသပ် ကြည့်ရှုကြလော့။အကြောင်းမူကားငါ၌အရိုးနှင့်အသားရှိသည်ကိုသင်တို့မြင်ကြရသကဲ့သို့တစ္ဆေ၌ထိုအရာများမရှိဟုသူတို့အားမိန့်တော်မူ၏။ထိုသို့မိန့်တော်မူပြီးမှကိုယ်တော်သည် မိမိ၏လက်တော်နှင့်ခြေတော်တို့ကိုသူတို့အားပြတော်မူ၏။သူတို့သည်ကားဝမ်းမြောက်ကြလျက်ပင်မယုံကြည်နိုင်ဘဲအံ့အားသင့်နေကြသောအခါကိုယ်တော်ကဤနေရာတွင်သင်တို့၌စားစရာတစ်စုံတစ်ခုရှိသလောဟုမေးတော်မူ၏။ထိုအခါသူတို့သည်ငါးကင်တစ်ပိုင်းကိုကိုယ်တော်အားပေးကြ၏။ကိုယ်တော်သည်လည်း ယူ၍ သူတို့ရှေ့တွင်စားတော်မူ၏။ထို့နောက်ကိုယ်တော်က မိုးဇက်ပညတ်တရားကျမ်း၊ပရောဖက်ကျမ်းနှင့်ဆာလံကျမ်းတို့၌ငါ့ကိုရည်ညွှန်း၍ ရေးသားထားသမျှတို့သည်ပြည့်စုံရမည်ဟု သင်တို့နှင့်အတူငါရှိစဥ်ကပြောခဲ့သော စကားများသည်ဤအကြောင်းအရာများဖြစ်သတည်းဟုသူတို့အားမိန့်တော်မူ၏။ထို့နောက်ကျမ်းချက်များကိုနားလည်စေရန်ကိုယ်တော်သည်သူတို့၏အသိဉာဏ်ကိုဖွင့်လျက်၊သူတို့အားမိန့်တော်မူသည်ကားကျမ်းစာတော်မြတ်၌ဤသို့ရေးထားလျက်ရှိ၏။ခရစ်တော်သည် ဒုက္ခခံထမ်း၍သုံးရက်မြောက်သောနေ့၌သေသူတို့အစုမှ ရှင်ပြန်ထမြောက်ရမည်။ ဂျေရုဆလင်မြို့မှအစပြု၍လူမျိုးတကာတို့အားနောင်တတရားနှင့်အပြစ်မှခွင့်လွှတ်ခြင်းတရားကိုသူ၏နာမတော်၌ဟောပြောရမည်။သင်တို့သည်ကား ဤအကြောင်းအရာတို့ကိုသက်သေခံသူများ ဖြစ်ကြ၏။-ထောက်ရှုချက်-ယေဇူးသခင်ရှင်ပြန်ထမြောက်ပြီး နောက်တပည့်တော်ကြီးများအလယ်တွင်ထင်ရှားပြသည့်အခါတိုင်း“သင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။မကြောက်ကြနှင့်”ဟူ၍ မိန့်တော်မူလေ့ရှိသည်။ သခင်ယေဇူးသည်ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသောဖခင်ဖြစ်တော်မူ၍သူသားသမီးတစ်ဦးစီ၏အတွင်းစိတ်ဖြစ်ပျက်နေသောအခြေအနေကိုသိမြင်တော်မူသည်။ကျွန်ုပ်တို့ဆုတောင်းသံကိုနားညောင်းတော်မူသည်။သခင်ယေဇူးကျွန်ုပ်တို့နှင့်နေ့စဉ်အတူရှိတော်မူသည်။ကျွန်ုပ်တို့သတိထားမိကြ၏လော။