၂၀၂၃ ခုနှစ်၊ဧ ပြီလ (၁၄) ရက်၊ ပါစကား ရက်သတ္တပတ်သောကြာနေ့၊အဖြူရောင်
ပထမကျမ်း ။ ။ တမန်တော် ၄း၁-၁၂
ဧဝံဂေလိကျမ်း ။ ။ ယောဟန် ၂၁း၁-၁၄
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထို့နောက်ယေဇူးသည်တိဘေးရိယအိုင်အနီးတွင်မိမိကိုယ်ကိုတပည့်တော်တို့အားတစ်ဖန်ထင်ရှားပြတော်မူ၏။ကိုယ်တော်သည်မိမိကိုယ်ကိုဤသို့ထင်ရှားပြတော်မူ၏။စီမွန်ပေတရု၊ဒီးဒီမုဟုအမည်တွင်သောသောမ၊ဂါလေလေးယနယ်ကာနာမြို့သားနာသာနာအဲလ်၊ဇေဘေဒေးဦး၏ သားများနှင့်အခြားတပည့်တော်နှစ်ဦးတို့သည်အတူရှိနေကြ၏။စီမွန်ပေတရုက အကျွန်ုပ်ငါးသွားဖမ်းမည်ဟုဆိုသော်သူတို့က အကျွန်ုပ်တို့သည်လည်းသင်နှင့်အတူလိုက်မည်ဟုဆိုကြ၏။သို့ဖြစ်၍ သူတို့သည်ထွက်သွားကြပြီးလျှင်လှေပေါ်သို့တက်ကြ၏။သို့သော်သူတို့သည်ထိုညတစ်ညလုံး ငါးတစ်ကောင်မျှမဖမ်းမိကြချေ။နံနက်အချိန်ရောက်သောအခါ ယေဇူးသည်ကမ်းစပ်တွင်ရပ်လျက်နေ၏။သို့သော်တပည့်တော်တို့သည်ယေဇူးဖြစ်တော်မူမှန်းမသိကြချေ။ယေဇူးကချစ်သားတို့၊စားစာရာအဖို့ငါးဖမ်းမိကြပြီလောဟုမေးတော်မူလျှင်သူတို့ကမဖမ်းမိသေးပါဟုကိုယ်တော်အား ပြန်ဖြေကြ၏။ကိုယ်တော်က ပိုက်ကွန်ဟုလှေ၏လက်ယာဘက်သို့ပစ်လော့။သင်တို့သည်ငါးအချို့ကိုရလိမ့်မည်ဟုသူတို့အား မိန့်တော်မူ၏။သို့ဖြစ်၍ သူတို့သည်ပိုက်ကွန်ကိုပစ်လျှင်မြောက်မြားစွာသောငါးတို့ကို ဖမ်းမိသောကြောင့် ပိုက်ကွန်ကိုဆွဲတင်၍ မရနိုင်ဘဲရှိကြ၏။ထိုအခါ ယေဇူးချစ်တော်မူသောတပည့်တော်ကသခင်ဘုရားဖြစ်သည်ဟု ပေတရုအားဆို၏။သခင်ဘုရားဖြစ်သည်ဟုပေတရု ကြားလျှင်အင်္ကျီကိုဝတ်၍ ရေထဲသို့ ခုန်ဆင်းလေ၏။အကြောင်းမူကားသူသည်အလုပ်လုပ်ရန် အဝတ်ကိုချွတ်ထားသောကြောင့်ဖြစ်၏။အခြားသောတပည့်တော်တို့မူကားငါးများနှင့်ပြည့်နှက်နေသောပိုက်ကွန်ကိုဆွဲလျက်လှေဖြင့်လာကြ၏။အကြောင်းမူကားသူတို့သည်ကမ်းနှင့်မဝေးကွာလှဘဲ ကိုက်တစ်ရာခန့်သာ ရှိသောကြောင့်ဖြစ်၏။သူတို့သည်ကုန်းပေါ်သို့ ရောက်ကြသောအခါပေါင်မုန့်ကိုလည်းကောင်း၊မီးဖိုနှင့် မီးဖို အပေါ်တွင် ကင်ထားသော ငါးကိုလည်းကောင်းတွေ့ကြလေ၏။ယေဇူးကလည်းသင်တို့ယခုဖမ်းမိသောငါးအချို့ကိုယူခဲ့ကြလော့ဟုမိန့်တော်မူ၏။သို့ဖြစ်၍စီမွန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲတင်လေ၏။ငါးများဤမျှလောက်များပြားသော်လည်း ပိုက်ကွန်သည် မစုတ်မပြဲဘဲရှိလေ၏။ယေဇူးကလာကြ၍ နံနက်စာစားကြလော့ဟုသူတို့အားမိန့်တော်မူ၏။တပည့်တော်တို့တွင် တစ်ဦးတစ်ယောက်မျှကိုယ်တော်အား သင်မည်သူဖြစ်သနည်းဟုမမေးလျှောက်ဝံ့ကြ။အကြောင်းမူကား သူတို့သည်ကိုယ်တော်ဖြစ်ကြောင်းကိုသိကြလေ၏။ယေဇူးသည် လာပြီးလျှင်မုန့်ကိုယူ၍ သူတို့အားပေးတော်မူ၏။ငါးကိုလည်း ထိုနည်းအတိုင်းပေးတော်မူ၏။ဤသည်ကား ယေဇူးသည်သေသူတို့အစုမှထမြောက်ပြီးနောက်မိမိကိုယ်ကိုတပည့်တော်တို့အားသုံးကြိမ်မြောက်ထင်ရှားပြတော်မူခြင်း ဖြစ်သတည်း။*ထောက်ရှုချက်*ခရစ်တော်သခင်ရှင်ပြန်ထမြောက်ပြီးတပည့်တော်ကြီးများကို ထင်ရှားပြတော်မူ၏။တပည့်တော်ကြီးများသည်ငါးဖမ်းကြသော်လည်း ငါးတစ်ကောင်မျှ မဖမ်းမိချေ။ယေဇူးကပိုက်ကွန်ကိုလှေ၏လက်ယာဘက်သို့ပစ်လော့။သင်တို့သည် ငါးအချို့ကို ရလိမ့်မည်ဟုသူတို့အားမိန့်တော်မူ၏။သူတို့သည် ပိုက်ကွန်ကိုပစ်လျှင်မြောက်မြားစွာသော ငါးတို့ကိုဖမ်းမိကြလေ၏။ငါးအမျိုးအစား ၁၅၃ မျိုးရရှိ၏။ကွန်၁၅၃ ဆိုသည့်ဂဏန်းသည်ဂျူးလူမျိုး၏ အဆိုအရငါးအမျိုး အစားပေါင်းစုံကိုဆိုလိုခြင်းဖြစ်သည်။တိုင်းနိုင်ငံအသီးသီးရှိလူအပေါင်းတို့ကိုကိုယ်စားပြုသည်။အဓိပ္ပာယ်မှာလူသားများထံသို့သွား၍ဧဝံဂေလိသတင်းကောင်းကိုသာပြောကြလော့ဟူသောအချက်ကိုကျမ်းရေးပုဂ္ဂိုလ်များကအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ကျွန်ုပ်တို့သည် မိမိကျရာကဏ္ဍ၌ယေဇူးနှင့်အတူလက်တွဲလျက် သာသနာပြုလုပ်ငန်းတော်၌ကြိုးစားကြပါစို့။