၂၀၂၃ ခုနှစ်၊ဧ ပြီလ (၂၃) ရက်၊ပါစကားတတိယပတ်၊တနင်္ဂနွေနေ့၊ အဖြူရောင်
ပထမကျမ်း - တမန်တော် ၂း၁၄၊ ၂၂-၃၃
ဒုတိယကျမ်း - ၁ ပီတာ ၁း၁၇-၂၁
ဧဝံဂေလိကျမ်း - လုကာ ၂၄း၁၃-၃၅
Reflection by Sr. Florence Yi ,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုတစ်နေ့တည်းတွင်ပင်သူတို့အထဲမှလူနှစ်ဦးသည်ဂျေရုဆလင်မြို့မှခုနှစ်မိုင်ခန့်ဝေးသောဧမာဦးရွာသို့ခရီးသွားကြ၏။လမ်းခရီးတွင်သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအလုံးစုံတို့ကိုအချင်းချင်း ပြောဆိုကြလေ၏။ထိုသို့ သူတို့အချင်းချင်းပြောဆိုဆွေးနွေးလျက်ရှိစဉ်ယေဇူးကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူခရီးသွားတော်မူ၏။သို့ရာတွင်ကိုယ်တော်ဖြစ်သည်ကိုမမှတ်မိစေရန်သူတို့၏မျက်စိများသည်ထိန်းချုပ်ခြင်းခံရ၏။ကိုယ်တော်ကသင်တို့သည်ခရီးသွားစဉ်မည်သည့်အကြောင်းအရာကိုဆွေးနွေးပြောဆိုနေကြသနည်းဟုသူတို့အားမေးတော်မူ၏။ထိုအခါသူတို့သည်ဝမ်းနည်းကြေကွဲသောမျက်နှာနှင့်ရပ်တန့်သွားကြလေ၏။ထို့နောက်သူတို့တွင်ကလေအိုဖအမည်ရှိသောသူကဂျေရုဆလင်မြို့၌သင်တစ်ဦးတည်းသာဧည့်သည်ဖြစ်လျက် ဤနေ့ရက်များတွင်ဤမြို့၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မသိပါလောဟု ပြန်မေးလေ၏။ကိုယ်တော်ကလည်းမည်သည့်အကြောင်းအရာများနည်းဟုမေးတော်မူလျှင်သူတို့ကပြန်ဖြေသည်မှာဘုရားသခင်နှင့်လူအပေါင်းတို့၏ ရှေ့မှောက်တွင် အပြုအမူနှင့်ဟောပြောချက်တို့၌တန်ခိုးကြီးသောပရောဖက်ဖြစ်သည့်နာဇရက်မြို့သားယေဇူး၏အကြောင်းနှင့်၊ကျွန်ုပ်တို့၏ရဟန်းအကြီးအကဲများနှင့်အုပ်ချုပ်သူအရာရှိတို့သည်သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံကြ၍လက်ဝါးကပ်တိုင်တင်ကြသည့်အကြောင်း များပင်ဖြစ်သည်။ကျွန်ုပ်တို့မူကား သူသည်အစ္စရာအဲလ်လူမျိုးကိုကယ်တင်မည့်သူဖြစ်သည်ဟူ၍မျှော်လင့်ထားခဲ့ကြ၏။ထိုမျှမကသေး၊ဤယနေ့သည်ထိုအကြောင်းအရာများဖြစ်ခဲ့ပြီးသုံးရက်မြောက်သောနေ့ဖြစ်ပါသည်။ထို့အပြင်ကျွန်ုပ်တို့အထဲမှအချို့သော အမျိုးသမီးများသည် ကျွန်ုပ်တို့ကိုအံ့အားသင့်စေခဲ့ပါသည်။သူတို့သည်ယနေ့နံနက်စောစောတွင်သင်္ချိုင်းသို့ သွားခဲ့ကြပြီး၊ကိုယ်တော်၏ အလောင်းတော်ကိုမတွေ့ခဲ့ကြပေ။သူတို့သည် ပြန်လာ၍ကိုယ်တော်သည် အသက်ရှင်လျက်ရှိသည်ဟုပြောဆိုသောကောင်းကင်တမန်တော်များကို တွေ့မြင်ခဲ့ကြကြောင်းပြောြပကြပါသည်။ထိုအခါ ကျွန်ုပ်တို့နှင့်အတူရှိနေကြသောသူများထဲမှ အချို့သည်သင်္ချိုင်းတော်သို့သွားကြရာအမျိုးသမီးများပြောခဲ့သည့်အတိုင်း တွေ့မြင်ခဲ့ကြရသော်လည်း ကိုယ်တော့်ကိုမူ မတွေ့ခဲ့ကြပါဟု ဆိုကြလေ၏။ထိုအခါ ကိုယ်တော်ကအိုမိုက်မဲသောလူတို့ပရောဖက်တို့ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်ရန် နှောင့်နှေးကြလေပြီတကား။ခရစ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်သို့ ကြွဝင်တော်မူရန်အတွက် ဤအရာများကို ခံထမ်းရန် လိုအပ်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မိုးဇက်မှစ၍ ပရောဖက်ရှိသမျှတို့က မိမိကို အကြောင်းပြုလျက် ရေးထားသော ကျမ်းချက်များ၏ အဓိပ္ပာယ်ကိုသူတို့အား ရှင်းလင်းဖော်ပြတော်မူ၏။သူတို့ခရီးပြုနေသည့်ရွာအနီးသို့ ရောက်သောအခါကိုယ်တော်သည် ရှေ့သို့ ခရီးဆက်မည့်ဟန်ပြုတော်မူ၏။ သို့သော် သူတို့က ကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ။အဘယ်ကြောင့် ဆိုသော် ညနေစောင်း၍ နေ့တာလည်းကုန်လုနီးပါပြီဟုအနူးအညွတ်တောင်းပန်ကြသဖြင့် ကိုယ် တော်သည်သူတို့နှင့်အတူဝင်၍တည်းခိုတော်မူ၏။ကိုယ်တော်သည် သူတို့နှင့်အတူစားပွဲ၌ ရှိတော်မူသောအခါ ပေါင်မုန့်ကိုယူ၍ကောင်းချီးပေးပြီးမှ ဖဲ့၍၎င်းကို သူတို့အားပေးတော်မူ၏။ထိုအခါသူတို့ မျက်စိများပွင့်လာကြ၍ ကိုယ်တော်ဖြစ်မှန်းသိကြလေ၏။ ကိုယ်တော်သည်လည်းသူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော်မူ၏။ သူတို့က လမ်းခရီး၌ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူ စကားပြောလျက် ကျမ်းစာတော်ြမတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆိုပြတော်မူသောအခါ အကျွန်ုပ်တို့၏နှလုံးသားများသည် အကျွန်ုပ်တို့ အတွင်း၌မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည်မဟုတ်လောဟုအချင်းချင်း ပြောဆိုကြ၏။သူတို့သည်လည်း ထိုအချိန်နာရီ၌ပင်ထ၍ဂျေရုဆလင်မြို့သို့ ပြန်သွားကြပြီးလျှင်တစ်ကျိပ်တစ်ပါးနှင့်သူတို့အပေါင်းအဖော်များ အတူတကွ စုဝေးနေသည်ကို တွေ့ကြ၏။ထိုသူတို့က သခင်ဘုရားသည် ဧကန်အမှန် ရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည် စီမွန်ကို ထင်ရှားပြတော်မူပြီဟု ဆိုကြ၏။ ထိုအခါ ထိုသူနှစ်ယောက်တို့သည်လည်းလမ်းခရီး၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကို လည်းကောင်း၊ပေါင်မုန့် ကိုဖဲ့တော်မူရာ၌ ကိုယ်တော်ဖြစ်ကြောင်းသိရသည်ကိုလည်းကောင်း ပြောပြကြလေ၏။*ထောက်ရှုချက်*သခင်ယေဇူးရှင်ပြန်ထမြောက်ပြီးနောက် ဧမာဦးရွာခရီးပြုနေစဉ်ခရီးသည်နှစ်ဦးရှိနှင့်လမ်းတွင် တွေ့ဆုံခဲ့သည်။သူတို့သည် သခင်ယေဇူးအားအစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့်သူ ဖြစ်သည်ဟူ၍ မျှော်လင့်ထားခဲ့ကြ၏။ သို့သော်သခင်ယေဇူးလက်ဝါးကားတိုင်ပေါ်တွင် အသတ်ခံရခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့်ယခုရှင်ပြန်ထမြောက်ပြီဟုကြားလျှင်သူတို့အတွက် အဓိပ္ပါယ်မဲ့သောအရာဟူ၍လူအများ ပြောဆိုနေကြသည်။ချစ်ခြင်းမေတ္တာသည် အသက်ဖြစ်သည်။ကျွန်ုပ်တို့သည် သခင်ယေဇူး၏ချစ်ခြင်းမေတ္တာ၌အသက်ရှင်သည်နှင့်အမျှကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ပိုင်းဆိုင်ရာတို့သည် မျှော်လင့်ခြင်းနှင့် အသက်ရှင်နိုင်သော အခြေအနေတွင်ရှိမည်။