၂၀၂၃ ခုနှစ်၊ဧပြီလ (၃၀) ရက်ပါစကားစတုတ္ထပတ်တနင်္ဂနွေနေ့
ပထမကျမ်း။ ။ တမန်တော် ၂း၂၄က၊ ၃၆-၄၁
ဒုတိယကျမ်း။ ။ ၁ ပီတာ ၂း ၂၀က-၂၅
ဧဝံဂေလိကျမ်း ။ ။ ယောဟန် ၁ဝး၁-၁ဝ
Reflection by Sr. Florence Yi,SPC
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးက သင်တို့အားငါဧကအမှန်ဆိုသည်ကားသိုးခြံထဲသို့တံခါးဝမှမဝင်ဘဲအခြားနည်းဖြင့်ကျော်တက်သောသူသည်သူခိုးဓားပြဖြစ်၏။တံခါးပေါက်မှဝင်သောသူသည်ကား ထိုသိုးစု၏သိုးထိန်းဖြစ်၏။တံခါးစောင့်သည်သိုးထိန်းအားတံခါးဖွင့်ပေး၏။သိုးတို့သည် သူ၏အသံကိုနားထောင်ကြ၏။သူသည်လည်း မိမိ၏သိုးတို့ကိုတစ်ကောင်စီအမည်တပ်ခေါ်၎င်းတို့ကို အပြင်သို့ထုတ်ဆောင်တတ်၏။မိမိ၏သိုးတို့ကိုခေါ်ထုတ်ပြီးလျှင်၎င်းတို့၏ရှေ့မှဦးဆောင်၍သွားတတ်၏။သိုးတို့သည်လည်း သူ့အသံကိုသိသဖြင့်သူ၏နောက်သို့လိုက်ကြ၏။သိုးတို့သည်သူစိမ်း၏နောက်သို့မလိုက်ကြ။၎င်းတို့သည်သူစိမ်း၏အသံကိုမသိကြသောကြောင့် သူ့ထံမှထွက်ပြေးကြလိမ့်မည်ဟုမိန့်တော်မူ၏။ယေဇူးသည် ဤပုံဥပမာကိုသူတို့အားမိန့်တော်မူသော်ထိုသူတို့သည်မိမိတို့အားကိုယ်တော်မိန့်တော်မူသောအကြောင်းအရာကိုနားမလည်ကြချေ။ထို့ကြောင့်ယေဇူးကသူတို့အား တစ်ဖန်မိန့်တော်မူသည်မှာသင်တို့အားငါဧကအမှန်ဆိုသည်ကား ငါသည်သိုးတို့ဝင်သောတံခါးဝဖြစ်၏။ငါ့ထက်အလျင်ဝင်ရောက်လာသောသူအပေါင်းတို့သည် သူခိုးဓားပြများ ဖြစ်ကြ၏။သို့သော် သိုးတို့သည်သူတို့ကို နားမထောင်ကြ။ငါအားဖြင့်ဝင်သောသူသည်ဘေးအန္တရာယ်ကင်းလွတ်၍ဝင်ထွက်သွားလာနိုင်သဖြင့် စားကျက်ကို တွေ့ရလိမ့်မည်။သူခိုးသည်ခိုးယူ၍သတ်ဖြတ်ဖျက်ဆီးရန်သာလာ၏။ငါမူကား သူတို့အားအသက်ကိုရစေခြင်းငှာလည်းကောင်း၊ထိုအသက်ကိုပို၍ကြွယ်ဝစွာရရှိစေခြင်းငှာလည်းကောင်းလာ၏။*ထောက်ရှုချက်*သမ္မာကျမ်းစာတော်တွင်အစ္စရေးရှိသိုးများကိုထိန်းသိမ်းစောင့်ရှောက်သောသိုးထိန်းများကိုဘုရားသခင်၏နေရာကိုယူထားသောသူများဖြစ်ကြသည်ဟုဆိုသည်။သခင်ယေဇူးက ကိုယ်တော်သည်ကောင်းသော သိုးထိန်းဖြစ်တော်မူ၏ဟုမိန့်မှာခဲ့သည်။ ကိုယ်တော်သည် “သိုးခြံထဲသို့ ဝင်သောတံခါး” ဖြစ်သည်။ သိုးခြံထဲသို့ဝင်သောတံခါး ဆိုသည်မှာ အဘယ်နည်း။သိုးခြံထဲသို့ဝင်သောတံခါးဆိုသည်မှာယေရုဆလင်မြို့တံခါးများထဲမှတံခါးတစ်ခုဖြစ်ပြီးယဇ်ပူဇော်သောယဇ်ပရောဟိတ်များကပူဇော်မည့် သိုးသူငယ်ကို၎င်းတံခါးမှဗိမာန်တော်သို့ ပို့ဆောင်ချိန်တွင်အသုံးပြုသောပရောဟိတ်များဝင်ထွက်ရာတံခါးဖြစ်သည်။ သခင်ယေဇူးသည် လူတို့ကို ဘုရားသခင်ထံသို့ ပို့ဆောင်သောသိုးထိန်းကောင်းဖြစ်သည်သာမကသိုးခြံထဲသို့ဝင်ရန်အတွက်တံခါးတော်လည်း ဖြစ်သည်။သခင်ယေဇူးသာလျှင်သန့်ရှင်းသောဘုရားတည်ရှိရာစစ်မှန်သောဗိမာန်တော်သို့ ပို့ဆောင်သောတံခါးတော်ဖြစ်တော်မူ၏။၎င်းတံခါးတော်သည် ခမည်းတော်ဘုရား၏ခွင့်လွှတ်ခြင်း၊ကရုဏာနှင့်ချစ်ခြင်းမေတ္တာတံခါးတော်၊ကုသခြင်းပေးသောတံခါးတော်ဖြစ်သည်။သားတော်ဘုရားသည်လူသားများအတွက်ဒုက္ခဝေဒနာခံထမ်းတော်မူ၍ လူသားတို့ကိုကယ်တင်ခဲ့သည်။ကျွန်ုပ်တို့၏ ဒုက္ခဝေဒနာ၊စိတ်ဒဏ်ရာများကိုကုသပေးတော်မူသည်။