ဒီကနေ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်ဟာ လူအမြောက်အများက ကြောက်ရွံ့နေကြရတဲ့ နတ်ဆိုးစွဲနေသူကို ကုသပေးခြင်း အကြောင်းအရာပဲဖြစ်တယ်။ အဓိကထောက်ရှု စဉ်းစားမိတဲ့အရာ ကတော့ ကောင်းမွန်တဲ့အလုပ်တိုင်းကို လူတိုင်းက မနှစ်သက်ကြတဲ့ အချက်ပါပဲ။ ခရစ်တော်ဟာ လူအများက ကြောက်ရွံ့နေရတဲ့ ကြမ်းတမ်းခက်ထန်သူကို ကုသပေးခဲ့တယ်။ လူအများအတွက် အကျိုးဖြစ်စေမဲ့အရာကို ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ဝက်ပိုင်ရှင်ကတော့ သူ့ရဲ့ဝက်တွေ ဆုံးရှုံးမှုအတွက် ခရစ်တော်ကို ကျေနပ်မှာမဟုတ်ဘူး။ တခါတရံမှာ ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်း ခရစ်တော်ကဲ့သို့ တချို့သောပုဂ္ဂိုလ်တွေရဲ့ အပြစ်တင်ဝေဖန်ခံခဲ့ရတာတွေ ကြုံခဲ့ဖူးကြတယ်။ ကောင်းတဲ့အရာတွေကို ဘယ်လောက်ပဲ ပြုလုပ်နေပါစေ တချို့သောသူတွေကတော့ အပြစ်ရှာ၊ အပြစ်မြင် နေကြအုံးမှာပဲဖြစ်တယ်။ အဲ့ဒီတချို့သော ပုဂ္ဂိုလ်တွေဆိုတာလဲ ကျွန်ုပ်တို့ကိုယ်တိုင်လဲ ဖြစ်နေတတ်တယ်။ ဝက်တွေရဲ့ပိုင်ရှင် သူဌေးကဲ့သို့ ခရစ်တော်ကို အပြစ်တင်သလို အများအတွက် ကြိုးစားနေတဲ့ပုဂ္ဂိုလ်အပေါ် ဝေဖန်မိတာတွေလည်း ရှိနိုင်တယ်။ တပါးသူအကျိုးအတွက် မပေးဆပ်ချင်တဲ့ အချိန်တွေရှိခဲ့သလို ဘုရားသခင်ဆီက ရရှိထားတဲ့ များစွာသောအရာတွေထဲက အနည်းငယ်လေးကိုတောင် ပြန်ပေးဖို့ကျတော့ တွန့်တိုနေတတ်ကြပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ရဲ့ ဧဝံဂေလိကျမ်းစာတော်မြတ်က ခွန်အားပေးနေသလိုပဲ ခရစ်တော်ကဲ့သို့ ကောင်းတဲ့အရာတွေ အတားအဆီးကြားက ရဲဝံ့စွာနဲ့ ဆက်လက်ပြုလုပ်ရဲတဲ့သတ္တိရှိဖို့ ဝက်ပိုင်ရှင်သူဌေး လိုတွန့်တိုပြီး အပြစ်တင်ဝေဖန်နေတတ်တဲ့ ပုဂ္ဂိုလ်မဖြစ်အောင် ရက်ရောပေးကမ်းတတ်ပြီး အများအတွက် အနစ်နာခံတတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျွန်ုပ်တို့အသက်ရှင်နေတဲ့ နေ့စဉ်ဘဝအသက်တာမှာ အတူတကွ ကြိုးစားသွားကြပါစို့။
#Deacon Anthony (MS)