ဒီကနေ့ဧဝံဂေလိကျမ်းစာမှာ စီမေအုံဟာ သူငယ်တော်လေးကို ဗိမ္မာန်တော်ထဲမှာ ဆက်ကပ်ပူဇော်တဲ့ အကြောင်းအရာပဲဖြစ်တယ်။ စီမေအုံဟာ ကယ်တင်ရှင် ကြွလာတော်မူခြင်းကို နှစ်ပေါင်းများစွာ ဗိမ္မာန်တော်ထဲမှာ စောင့်ဆိုင်းနေခဲ့ရတယ်။ ဘယ်အချိန်ဘယ်ကာလမှာ သူငယ်တော်ယေဇူး ကြွလာမယ်ဆိုတာကို မသိပေမယ့် ကယ်တင်ရှင်ကို ဖူးမြော်ခွင့်ရရှိဖို့အတွက် မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေခဲ့သူလည်း ဖြစ်တယ်။ သူ့ရဲ့ကြီးမားတဲ့ ယုံကြည်ခြင်းနဲ့ ခိုင်မြဲတဲ့မျှော်လင့်ချက်တွေကြောင့် သူငယ်တော်လေးကို ဖူးမြင်ခွင့်ရခဲ့ရုံတင်မကဘူး။ ဗိမ္မာန်တော်မှာ ကိုယ်တိုင်ပူဇော်ခွင့် ရရှိခဲ့ပါတယ်။ ကယ်တင်ရှင်ကို ဖူးမြင်ခွင့်ရဖို့ စောင့်ဆိုင်းသူများစွာ ရှိခဲ့ပေမယ့် အနည်းငယ်မျှသာ ဖူးမြင်ခွင့် ရရှိခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့အသက်တာမှာ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဆုတောင်းမေတ္တာတွေကို ချက်ချင်းမတုံ့ပြန်တဲ့အခါ စိတ်ပျက်သွားတတ်ကြတယ်။ ယုံကြည်ခြင်းတွေ၊ မျှော်လင့်ချက်တွေ မှေးမှိန်ပျောက်ကွယ်သွားတတ်ကြတယ်။ ကျွန်ုပ်တို့အတွက် ပိုပြီးသင့်လျော်တဲ့အရာ၊ ပိုပြီးကောင်းတဲ့အရာ ဘုရားကပေးလိမ့်မယ်ဆိုတာကို လက်မခံနိုင်ကြဘူး။ မစောင့်ဆိုင်းချင်ကြဘူး။ စီမေအုံဟာ သူငယ်တော်လေးကို ဗိမ္မာန်တော်မှာပူဇော်ပြီးနောက် အမိမယ်တော်ကို “သင့်ရဲ့နှလုံးသားမှာ ဓားနဲ့အထိုးခံရသကဲ့သို့ နာကျင်ရလိမ့်မယ်” ဆိုပြီး နမိတ်ဖတ်ခဲ့တယ်။ အမိမယ်တော်ဟာ သူမရဲ့ဘဝအသက်တာ တစ်လျောက်လုံးမှာ နာကျင်ကြေကွဲစရာတွေ ကြုံရလိမ့်မယ်ဆိုတာကို သိလိုက်ရပေမယ့် မတုန်လှုပ်သွားဘူး။ တိတ်ဆိတ်စွာနဲ့ စိတ်နှလုံးသားကနေ ခံယူနေခဲ့တယ်။ သူမအသက်ရှင်စဉ် တစ်လျောက်လုံးမှာ မျက်ရည်တွေကို အဖော်ပြုပြီး ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့ အမိမယ်တော်ရဲ့ နာခံခြင်းပါရမီက ဘယ်သောအခါမှ မှေးမှိန်ပျောက်ကွယ် မသွားခဲ့ဘူး။ ဒီကနေ့ဧဝံဂေလိကျမ်းစာက ကျွန်ုပ်တို့ကို ခွန်အားပေးသလိုပဲ စီမေအုံကဲ့သို့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ အသက်ရှင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့နဲ့ အမိမယ်တော်ကဲ့သို့ ဘဝမုန်တိုင်းကြားမှာ နာခံခြင်းပါရမီကို မယိမ်းမယိုင်စောင့်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လာနိုင်အောင် နေ့စဉ်ဘဝအသက်တာမှာ ကြိုးစားအသက်ရှင်သွားကြပါစို့။
#Deacon Anthony (MS)