10.6.2023 - 9th Week in Ordinary Time, Saturday
၁၀.၆.၂၀၂၃ - သာမန်ကာလ နဝမအကြိမ်မြောက်သီတင်းပတ် သောကြာနေ့
ရှင်မာကုခရစ်ဝင်ကျမ်း ၁၂:၃၈-၄၄
Reflection by Sr. Benedetta Myat Hnin Nwe(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်သည်သွန်သင်ရာ၌မိန့်တော်မူသည်ကား ကျမ်းတတ်ဆရာများကိုသတိပြုကြလော့။ သူတို့သည်ဝတ်ရုံရှည်များကိုဝတ်ဆင်လျက်သွားလာလိုကြ၍ဈေးလယ်တွင်နှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။သူတို့သည် တရားဇရပ်များတွင်အကောင်းဆုံးသောထိုင်ခုံနေရာများ နှင့် ပွဲအကမ်းအနားတွင် ဂုဏ်ရှိသောနေရာများကို နှစ်သက်ကြ၏။သို့သော်သူတို့သည်မုဆိုးမတို့၏အိုးအိမ်ပစ္စည်းများကိုမတရားသိမ်းယူတတ်ကြပြီးလူမြင်ကောင်းစေခြင်းငှာရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ထိုသူတို့သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံကြရလိမ့်မည်ဟုမိန့်တော်မူ၏။ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်အလှူခံသေတ္တာကို မျက်နှာမူ၍ထိုင်လျက်များစွာသောလူတို့သည်အလှူခံသေတ္တာထဲသို့ အလှူငွေများထည့်ကြသည်ကိုကြည့်ရှုတော်မူ၏။ ချမ်းသာကြွယ်ဝသောသူများစွာတို့သည်ငွေအမြောက်အများ ထည့်ဝင်ကြ၏။ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်းလာ၍တစ်ပဲနှင့် ညီမျှသော ကြေးနီပြားနှစ်ပြားကိုထည့်လေ၏။ ထိုအခါ ကိုယ်တော်သည်မိမိ၏တပည့်တော်တို့ကိုအထံတော်သို့ ခေါ်ပြီးလျှင် သူတို့အားမိန့်တော်မူသည်မှာ သင်တို့အားငါအမှန်ဆိုသည်ကား အလှူခံသေတ္တာထဲ၌ထည့်ဝင်ကြသောသူအားလုံးထက် ဤဆင်းရဲသူမုဆိုးမသည်ပို၍ထည့်ဝင်ခဲ့၏။အကြောင်းမူကားထိုသူအားလုံးတို့သည် မိမိတို့၏ ပိုလျှံသောငွေထဲမှအလှူငွေကိုထည့်ကြ၏။ သူမမူကား အလွန်ဆင်းရဲလျက်ပင် မိမိ၏ဝမ်းစာအတွက်ရှိသမျှကိုထည့်ဝင်လေပြီဟုမိန့်တော်မူ၏။ထောက်ရှုချက်-မုဆိုးမ၏အလှူ ယနေ့ကျမ်းစာထဲမှကျွန်ုပ်တို့ကိုခွန်အားပေးသောအရာသည်အလှူခံပုံးတွင်ချမ်းသာကြွယ်ဝသောသူများငွေကိုများစွာထည့်ပြီးဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်း လာ၍တစ်ပဲနှင့် ညီမျှသော ကြေးနီပြားနှစ်ပြားကိုထည့်လေ၏။သူမသည် မိမိ၌ ရှိသမျှကိုအကုန်ထည့်လှူခဲ့သည်မှာသူမ၏ရက်ရောသောစိတ်စေတနာအလှူကိုမြင်တွေ့နိုင်ပါသည်။ပေးကမ်းလှူဒါန်းသူတို့၏စိတ်နေသဘောထားအမျိုးမျိုးရှိကြသည်။ဥပမာပိုလျှံ၍လှူခြင်း၊ မတတ်သာ၍လှူခြင်း၊ နှမြောပြီးလှုခြင်း၊ စိတ်မပါတပါလှူခြင်း၊နာမည်ဂုဏ်အတွက်လှူခြင်း၊ကြောက်၍လှုခြင်း၊ရည်ရွယ်ချက်ရှိရှိလှူခြင်း၊ရက်ရက်ရောရောလှူခြင်း စသည့်အမျိုးမျိုးရှိသည့်အနက် ဆင်းရဲသားမုဆိုးမကဲ့သို့ရှိသမျှရက်ရောစွာပေးခြင်းသည် ဘုရားနှစ်သက်စေသည်။ ထို့ကဲ့သို မိမိတို့သည်လည်း ရက်ရောစွာပေးကမ်းလှူဒါန်းဖို့ ဘုရားအလိုရှိသည်။ရွှေငွေသာမဟုတ်ပါ။မိမိ၌ ရှိသောအချိန်၊ ခွန်အား၊ဥာဏ်ပညာ၊စသည်တို့ကိုဘုရားအတွက်၊နီးစပ်သောသူ၊လိုအပ်နေသောသူများအတွက် ဖြူစင်သောစိတ်ထားဖြင့်ရက်ရောစွာပေးရန်ကျင့်ကြံ၊ကြိုးစား၊ကုသိုလ်မျှဝေကြပါစို့။