18.6.2023 - ❤ ယေဇူးရွှေနုလုံးတော်ပွဲနေ့ (A)
ယေဇူးရွှေနှလုံးတော်ပွဲနေ့က လူသားတွေအပေါ်ဖော်ပြထားရှိတဲ့ဘုရားရှင်ရဲ့အနှိုင်းမဲ့မေတ္တာတော်ထင်ရှားစေသောပွဲဖြစ်ပါတယ်။ထို့အတူမိမိတို့ရဲ့နှလုံးသားထဲကချစ်မေတ္တာကိုလည်းပြန်ပြီးဆန်းစစ်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်တဲ့ပွဲလေးပါ။စစ်မှန်သောချစ်ခြင်းမေတ္တာရဲ့အမှတ်သင်္ကေတက(၃) ချက်ရှိကြောင်းကိုလေ့လာတွေ့ရှိနိုင်ပါတယ်။အချစ်စစ်ရဲ့ပထမသင်္ကေတကနုလုံးသားချင်းမေတ္တာဖလှယ်ခြင်းရဲ့တိတ်ဆိတ်နက်နဲသောသက်သေခံချက်ဖြစ်ပြီးချစ်ခြင်းကိုဆာငတ်တန်ဖိုးထားကြသူများသာနားလည်ခံစားနိုင်ကြတယ်။ဥပမာပြောရရင်ရင်ခွင်ပိုက်ကလေးငယ်များက“မေမေ့ကို ချစ်တယ်၊သားကို ချစ်ပါ”လို့ ထုတ်ဖော်ပြီးမပြောဆိုတတ်သေးခင်ကတည်းကရင်ခွင်မှာနေပြီးမိခင်ရဲ့သိမ့်မွေ့နက်နဲသောမေတ္တာအချစ်ကိုမြတ်နိုးခံယူကြပါတယ်။‘ယေဇူးရွှေနှလုံးတော်’ဆိုတဲ့ ကိုယ်တော်ရဲ့ဘွဲ့နာမတော်မြတ်ကို ရွတ်ဆိုတဲ့အချိန်တိုင်း သခင့်ရဲ့အချစ်ကိုသင်အနေနဲ့ မြတ်နိုးခံစားနိုင်ပါစေ။အချစ်စစ်ရဲ့ ဒုတိယသင်္ကေတက မိမိချစ်သောသူကို စိတ်မညိုးငယ်မိစေဖို့ ကရုစိုက်ပေးခြင်း ဖြစ်တယ်။ ဆိုကြပါစို့၊ဇနီးသည်တစ်ဦးကသူမရဲ့လင်ကို “ရှင်ကျွန်မကို ချစ်ရဲ့လား”လို့ မေးတယ်။သူမရဲ့လင်က'မင်းရူးနေပြီလား။ မင်းကို မချစ်ဘဲမင်းနဲ့ကိုယ်လက်ထပ်ပါ့မလား”လို့ပြန်ဖြေပေးတယ်။ဒါပေမယ့်ညနေဘက်ရောက်ရင်မိသားစု(အိမ်)ကသူ့အတွက်အာရုံရောက်စရာမဖြစ်ဘဲသူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ဘက် ထွက်လာတယ်။ညသန်းခေါင်ကျော်ထိ အိမ်မပြန်သေးဘဲ ဆိုင်ထိုင်နေဆဲ ဖြစ်တယ်။ သူ့ရဲ့ဇနီးဟာသူပြန်မရောက်မချင်း စိတ်ပူဆွေးရရှာတယ်။ ကြာလာတော့ အတွေးတစ်ခုကခေါင်းထဲရောက်လာပါတော့တယ်“ဪ ရှင်(ယောကျ်ား)က ကျွန်မကို နူတ်စကားနဲ့သာချစ်ပြီး လက်တွေ့မှာတော့ ညာဖြီးပြောနေတာဘဲ။ နစ်နာလောက်အောင် သစ္စာဖေါက်ရင်ချစ်ရာရောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပြီပေါ့လား” လို့ တွေးမိနိုင်ပါတယ်။ယေဇူးရွှေနုလုံးတော်အား စိတ်မသာမယာဖြစ်စေခဲ့မိတဲ့ အပြစ်များအတွက်နောင်တယူကြပါစို့။အချစ်စစ်ရဲ့ တတိယသင်္ကေတကချစ်သောသူကို စိတ်ကျေနပ်နှစ်သိမ့်စေခြင်းပါ။‘ချစ်ခြင်းက မိမိချစ်သူရဲ့နှလုံးသားထဲကလိုအင်ဆန္ဒကိုသူ့မျက်လုံးကတစ်ဆင့်မှန်းဆသိရှိနိုင်တယ်’လို့ဆိုတဲ့စကားပုံလေးတစ်ခုရှိတယ်။ ရင်ထဲအချစ်ကိုနူတ်နဲ့မဖော်ပြတတ်ပေမယ့်လက်တွေ့ဘဝမှာချစ်ခင်ကြောင်းသက်သေပြနိုင်ရင်လုံလောက်ပါပေတယ်။ယေဇူးရှင်နဲ့ ရင်နှီးကျွမ်းဝင်ခြင်းမှာလည်းထိုနည်းတူပါပဲ။ကိုယ်တော်ရှင်ကကျွန်ုပ်တို့ကို အလိုတော်ရှိလို့ မိန့်ကြားလိုက်တဲ့ “ဝန်လေး၍ပင်ပန်းသူအပေါင်းတို့၊ ငါထံသို့လာကြလော့” “ငါ့နောက်သို့ လိုက်လော့” “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်းစုံလင်ခြင်း ရှိကြလော့” စတဲ့ သူ့ရွှေစိတ်အလိုတော်တို့ကို အလေးထားလုပ်ဆောင်ကြမှသာ ယေဇူးဘုရားရှင်ကို အမှန်တကယ်မြတ်နိုးချစ်ခင်နိုင်ပါလိမ့်မယ်။