23.6.2023 –11th Week in Ordinary Time Friday
(၁၁ ကြိမ်မြောက် သာမန်ကာလ သောကြာနေ့)
Matthew 6: 19-21
Reflection by: Fr. Augustine Jehoon Lee, S.S.C
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“အကြောင်းမူကား၊အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ထိုအရပ်၌သင်တို့၏စိတ်နှလုံးသားရှိ၏။”ရှင်မာဿဲ 6 : 19-21ဒီနေ့ကျွန်ုပ်တို့ဖတ်ရှုကြားနားရတဲ့သခင်ယေဇူးရဲ့တောင်ပေါ်တရားတော်ထဲမှာ၊သူ့ရဲ့တပည့်တော်ကြီးတွေကိုဤလောကမှာရှိတဲ့တည်မြဲတဲ့အရာဆွေပေါ်မှာပဲမှီတွယ်အားကိုးနေခြင်းမပြုဖို့၊တည်မြဲတဲ့ကောင်းကင်သုခချမ်းသာနဲ့သက်ဆိုင်တဲ့အရာတွေပေါ်မှာသာအာရုံပြု ဦးစားပေးဖို့အတွက်မိန့်မြွက်ထားပါတယ်၊ သခင်ယေဇူးရဲ့ ဩဝါဒတရားထဲမှာသမ္မာကျမ်းစားတစ်ခုလုံးရဲ့ အကောင်းဆုံးကျမ်းပိုဒ်တွေထဲကတစ်ခုဖြစ်တဲ့“အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ထိုအရပ်၌သင်တို့၏ စိတ်နှလုံးသားရှိ၏။”ဆိုတဲ့ အင်မတန်မှကိုကောင်းမွန်ထိမိတဲ့ကျမ်းချက်ကိုတွေ့ရပါတယ်။ဒီနေ့ကျွန်ုပ်တို့ရဲ့နှလုံးသားဘယ်နေရာ၊ဘယ်အခြေနေမှာရှိနေလဲဆိုတာဆန်းစစ်ကြည့်ကြရအောင်၊လူတိုင်းမှာ ရည်ရွယ်ချက်(သို့)ဆန္ဒတစ်ခုစီတော့ရှိကြပါတယ်၊ကောင်းမွန်မြတ်တဲ့ အရာလဲဖြစ်မယ်၊တစ်ကိုယ်ကောင်းဆန်ပြီး မိမိရဲ့အတ္တမောဟတွေနဲ့ပြည့်နက်နေတဲ့အရာလဲဖြစ်ချင်ဖြစ်မယ်၊ဒီတော့လူတွေဟာ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကိုဦးစားပေးလျှောက်လမ်းကြတယ်၊ဘယ်အရာကိုပဲဖြစ်ပါစေမိမိဆန္ဒရှိတဲ့အရာ၊ကြိုက်နှစ်သက်တဲ့အရာတွေမှာမိမိရဲ့စိတ်ပိုရောက်ပါတယ်၊ ပုံပြင်ကလေးတစ်ခုရှိပါတယ်၊လူတစ်ဦးဟာသူ့ရဲ့သားငယ်လေးကိုခေါ်ပြီး ဝံပု လွေပေါက်စလေးနှစ်ကောင်ကိုကြီးပြင်းလာအောင်ကျွေးမွေးခိုင်းတယ်၊ ဒါနဲ့ သူကသူ့ရဲ့သားကိုပြောတယ်အဲဒီဝံပုလွေငယ်လေးနှစ်ကောင်ဟာကြီးလာရင်တော့ တစ်ကောင်နဲ့တစ်ကောင် ကိုက်ကြလိမ့်မယ်၊ ရန်ဖြစ်ကြလိမ့်မယ်ပေါ့၊ ဒါနဲ့ ကလေးကသူ့ရဲ့အဖေကိုချက်ချင်းမေးလိုက်တယ်၊“အဲ့ဆိုဒီဝံပုလွေငယ်လေးနှစ်ကောင်စလုံးနောက်နှစ်အနည်ငယ်မှာ ဘယ်အကောင်ကပိုကြီးပြီးခွန်အားရှိမလဲ၊ ဘယ်အကောင်က ကိုက်ကြရင် နိုင်မှာလဲ?”လို့ မေးလိုက်တော့ အဖေဖြစ်သူကပြန်ဖြေတယ်“သားလေး အစာပိုကျွေးတဲ့တစ်ကောင်ကပိုကြီးပြီး ခွန်အားပိုရှိလိမ့်မယ်”လို့ဖြေတော့ သူ့ရဲ့သားကသဘောပေါက်သွားတယ်။ဒီပုံပြင်လေးထဲ့ကကလေးလေးလိုပဲ ကျွန်ုပ်တို့တစ်ဦးချင်းစီမှာ ကောင်းတာနဲ့ မကောင်းတာနှစ်ခုလုံးဒွန်တွဲတည်ရှိ ကိန်းအောင်းနေတယ်ဆိုတာ ကျွန်ုပ်တို့ အသိပဲဖြစ်ပါတယ်။ဒီတော့ဘဝမှာ ကျွန်ုပ်တို့ အစာရေစာပိုကျွေးတဲ့ဘက်ကအားသာမယ်ဆိုတဲ့အချက်ကိုဆိုလိုခြင်းဖြစ်ပါတယ်၊ဘုရားတရားနဲ့ ဘုရားရှင်ရဲ့တရားကိုကြိုးစားလိုက်နာပြီးမကောင်းမှုကို အတတ်နိုင်ဆုံးရှောင်ကြဉ်မယ်၊ ပိုမိုစဉ်းစား ကျင့်ကြံနေထိုင်မယ်ဆိုမိမိဟာ အကောင်းဘက်၊ ဘုရားတရားဘက်မှာ အားသန်သူဖြစ်လာပါလိမ့်မယ်။ဒါမှမဟုတ် မိမိဟာ သူတစ်ပါးကိုထိခိုက်နှစ်နာစေခြင်း၊အတ္တလောဘတရားတွေအကြောင်းအမြဲစဉ်းစားပြီးနေထိုင်မယ်ဆိုရင်မိမိအစာကျွေးနေတဲ့ အရာဟာ ခွန်အားကြီးမားလာပြီး မိမိကို ဝါးမျိုစားသောက်သွားမှာဖြစ်ပါတယ်။ငွေရေးကြေးရေးကိုအမြဲဦးစားပေးသူဟာ ဘုရားကျောင်းသွားသော်ငြားလည်းပဲ အလုပ်အကြောင်း စီးပွါးရေးအကြောင်းသာ စိုးမိုနေမှာ ဖြစ်သလို၊ ဆုတောင်းတဲ့အရာတွေမှာလည်း စီးပွားရေးအောင်မြင်ဖို့ငွေကြေးချမ်းသာကြွယ်ဝဖို့ နဲ့လောကဆန်တဲ့အရာတွေနဲ့ ပက်သက်တဲ့ အရာတွေကိုပိုတောင်းဆိုပါတယ်။ဒါကြောင့် မိမိဟာဘာဆုတွေကို ဘုရားရှင်ထံမှာပိုဆုတောင်းသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့လဲ မိမိရဲ့နှလုံးသားဟာလောကအရာတွေကို ဦးစားပေးသလား၊ဘုရားနဲ့သက်ဆိုင်တဲ့ ကောင်းမွန်တဲ့အရာတွေကိုဦးစားပေးသူလားဆိုတာ သိနိုင်သလို၊ မိမိရဲ့ဆုတောင်းတာဟာမိမိတစ်ဦးတည်းရဲ့ ဂုဏ်ပုဒ်အတွက်လား၊ မိမိနာမည်ကြီးဖို့၊မျက်နှာရဖို့အတွက်ပဲလားဆိုတဲ့ အချက်ကနေလဲ မိမိဟာ အတ္တဆန်သူဟုတ် မဟုတ်သိနိုင်ပါတယ်။မုဆိုးနားနီးမုဆိုးတံငါနားနီးတံငါဆိုသလိုမိမိနီးစပ်ရာဦးစားပေးရာ မိမိဘဝမှာဖြစ်လာပါတယ်၊လူ့ဘဝဟာတိုတောင်းပါတယ်၊ဒါပေမဲ့ကျွန်ုပ်တို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ အရမ်းကြာမြင့်တယ်။ဒီတစ်သက်မကုန်ဆုံးနိုင်သလိုခံစားရတတ်ပါတယ်။ဒီနေရာမှာလည်းသခင်ယေဇူးဒီနေ့ရဲ့ကျမ်းစာထဲကနေမိန့်မှာနေတာကဤလောကအရာတွေဟာမတည်မြဲဘူးလို့အကြိမ်ကြိမ်အခါအခါ သတိပေးနေပါတယ်။ကျွန်ုပ်တို့အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ဟာထာဝရအသက်သုခချမ်းသာကို သခင်ယေဇူးနဲ့အတူခံစားဖို့ ဖန်ဆင်းခြင်းအစကတည်းက ကတိပြုထားတယ်။လူသားမို့မှားယွင်းစွာရွေးချယ်နေထိုင်ခဲ့လို့ဧဒင်ဥယာဉ်ဆိုတဲ့ ထာဝရမကြောက်ကြရတဲ့ဘဝကနေ နှင်ထုတ်ခြင်းခံခဲ့ရတယ်။ အဲဒီနောက် ဘုရားရှင်ဟာ ကျွန်ုပ်တို့အယောက်စီတိုင်းကို အချစ်မပျက်နိုင်တဲ့အတွက်သူ့ရဲ့တစ်ပါးတည်းသောသားတော် ကိုစေလွတ်ပြီး သခင်ယေဇူးကိုယ်တော်တိုင်ကျွန်ုပ်တို့ရဲ့ကိုယ်စား ကျွန်ုပ်တို့တစ်ဦးချင်းစီ ပြုခဲ့မိတဲ့အပြစ်တွေအတွက်ကားတိုင်မှာ အသေခံပြီး အပြစ်ကို အပြစ်ပေးခဲ့တယ်၊ အဲဒီနောက် ကျွန်ုပ်တို့အားလုံးကို နောက်ထပ်အခွင့်အရေးကြီးတစ်ခုပေးပြန်တယ်။အဲဒါက ကျွန်ုပ်တို့ကိုကူညီဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ပေးခဲ့တယ်။ ဒီနေ့ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းမှာ ရှိနေတဲ့အခွင့်အရေးက လက်ရှိမိမိရှေ့မှာရရှိနေတဲ့အချိန်တို အတွင်းလေးပဲရှိတော့တယ်။မတည်မြဲတဲ့ ဤလောကအရာတွေကိုပဲဆက်ရွေးချယ်နေအုံးမှာလား။ဒါမှမဟုတ်၁၈၀ ဒီဂရီလှည့်ပြီးလူသားတစ်ဦးအနေနဲ့ဖန်ဆင်းခြင်းရဲ့မူလရည် ရွယ်ချက်ဖြစ်တဲ့ထာဝရသုခချမ်းသာစည်းစိမ်ကို ဘုရားရှင်နဲ့ အတူခံစားဖို့ရွေးချယ်မှာလား။ယခုချက်ချင်းဆုံးဖြတ်ပြီးရွေးချယ်ကြရအောင်၊မတည်မြဲတဲ့အရာကိုလည်း မိမိလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။တည်မြဲတဲ့အရာကိုလည်း မိမိလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။တစ်ခုက မကြာခင်မှာ အခိုးအငွေ့လိုပဲပျောက်ကွယ်သွားမယ်။နောက်တစ်ခုက ထာဝရတည်နေမယ်။ ခဏတာပျော်ရွှင်ခြင်းလည်းမဟုတ်ဘူးထာဝရပျော်ရွှင်ခြင်းနဲ့ဘယ်တော့မှ ကွယ်ပျောက်သွားမဲ့အရာမဟုတ်ဘူး ဆိုတော့ သင့်နှလုံးသားဟာ ဘယ်ဖက်ခြမ်းမှာရပ်တည်နေသလဲသင့်နှလုံးသားရပ်တည်နေတဲ့ဖက် သင့်ခန္ဓာကိုယ်နဲ့ ဝိညာဉ်လည်းရပ်တည်နေမှာဖြစ်တယ်။သင့်နှလုံးသားကဘယ်မှာလဲ?ဘာကိုရွေးချယ်မလဲ?သင့်ရဲ့ဘဏ္ဍာဟာလောကနဲ့သက်ဆိုင်တဲ့အရာမှာလား?ထာဝရနဲ့သက်ဆိုင်တဲ့ အရာတွေမှာလား?“အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ထိုအရပ်၌သင်တို့၏စိတ်နှလုံးသားရှိ၏။”ရှင်မာဿဲ 6 : 19-21