25.6.2023 – 12th Sunday in Ordinary Time
(၁၂) ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ (A)
‘ကက်သလစ်သာသနာတော်သည် သာသနာပြုကြီးဖြစ်၏’လို့ကြွေးကြော်ထားသော်ငြားလည်းယုံကြည်ခြင်းပြန့်ပွါးအောင်ကြိုးပမ်းလုပ်ဆောင်ရာမှာလက်အောက်ခံဘဝသွတ်သွင်းခြင်းနည်းလမ်းဟာလွန်စွာမှားယွင်းကြောင်းသင်ခန်းစာယူနိင်ခဲ့ပါပြီ။ ကျမ်းစာတော်မြတ်မှာယေဇူးဘုရားရှင်က အနိုင်ယူသူများနဲ့အတူမဟုတ်ဘဲ အညံ့ခံကြရသူများနဲ့အတူရပ်တည်ခဲ့ကြောင်း အထင်အရှားတွေ့ရတယ်။ကိုယ်တော်ရှင်က အဖိနှိပ်ခံကြရသူများ၊စွန့်ပယ်ခံကြရသူများ၊အကာအကွယ်မဲ့ကြသူများတို့နဲ့အတူ အစဉ်ရှိနေပေးခဲ့တယ်။သို့ပေမယ့် ခုလိုပြုမူခြင်းက ကိုယ်တော်ရှင်အနေဖြင့်မတရားသဖြင့် ကျူးကျော်ရမ်းကားသူများအား အောက်ကျို့အညံ့ခံဖို့ လူတွေကို သွန်သင်ပေးနေခြင်းမဟုတ်ပါ။ ကိုယ်တော်ရှင်က ညှင်းပန်းနှိပ်စက်ခံ၊အဖိနှိပ်ခံကြရသူများရဲ့ စိတ်ဓါတ်ရေးရာကိုမြှင့်တင်ပေးဖို့သာရှိတယ်။သားကောင်များဆိုတာကကြောက်ရွံစိတ်၌လက်လျော့အရှုံးပေးကြသူများသာ။ဆိုတော့ကလွယ်လွယ်နဲ့အရူံးမပေးကြဖို့“ကိုယ်ခန္ဓာကိုသတ်၍ဝိညာဉ်ကိုမသတ်နိုင်သောသူတို့အားမကြောက်ကြနှင့်”လို့ တိုက် တွန်းထားပါတယ်။‘ဝိညာဉ်(soul)’ဆိုတာရဲစွမ်းသတ္တိရဲ့ဇစ်မြစ်ကိုလည်း ဆိုလိုပြီးပြင်ပရဲ့အရှိန်အဇော်တွေက အနိုင်ယူဖို့မလွယ်ကူပါ။ရဲစွမ်းသတ္တိနဲ့ပြည့်နေရင်ဘယ်ရန်သူကိုမျှ မကြောက်ရွံပြီမို့ရှေ့ဆက်ချီတက်လှမ်းသွားနိုင်ပါတယ်။ကြောက်ရွံစိတ်ဆိုတာမိမိရဲ့အတွင်းစွမ်းရည်များပြန့်ကျက်လွင့်ပျယ်သွားခြင်းပါ။ယင်းစိတ်က တစ်စစီပြိုကွဲခြင်း၊ရှုပ်ထွေခြင်းရဲ့အမှတ်လက္ခဏာတွေပါ။ကြောက်စိတ်တွေပိုနေတာဟာယုံကြည်စိတ်လိုနေလို့ပါ။လူတစ်ယောက်မှာကြောက်စိတ်ဝင်လာတာက သူဟာ ရဲရင့်မှုနဲ့ယုံကြည်စိတ်ချမှုရဲ့ဇစ်မြစ်နဲ့ကင်းကွာသွားလို့ဖြစ်တယ်။ယင်းဇစ်မြစ်က ဘုရားသခင်၌ ယုံကြည်ကိုးစားစိတ်ဘဲဖြစ်ပါတယ်။ယေဇူးရှင်က မိမိတို့ကိုဝိညာဉ်ခွန်အားဆီပို့ဆောင်ပေးနိုင်တယ်။ဘုရားသခင်၌ ကိုးစားခြင်းပြည့်ဝရင်သင့်ကိုနှောက်ယှက်စုံစမ်းသမျှကို ခုခံတွန်းလှန်နိုင်ပါလိမ့်မယ်။ အကြောင်းရင်းကဘုရားသခင်ဟာ မိမိကို ကာကွယ်စောင်မတော်မူလို့ ဖြစ်တယ်။ ကိုယ်တော်ရှင်က “စာငှက်နှစ်ကောင်ကို ငွေတစ်ပဲဖြင့် ရောင်းရသည်မဟုတ်လော။ သင်တို့၏အဖအလိုတော်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။သင်တို့၏ဦးခေါင်းရှိ ဆံပင်များကိုပင်ရေတွက်ထားတော်မှု၏”လို့ မိန့်ထားပေးတယ်။ယင်းစကားများကသံသယ(သို့) ပူပန်သောကကိုဖြေဖျောက်စေတယ်။စိတ်ဓါတ်ရေးရာကိုတွန်းတင်ပေးတယ်။ယုံကြည်စိတ်ဆိုတာ ပဋိပက္ခများကမ္ဘာကြီးထဲမှာတည်ကြည်ခိုင်မြဲအောင် ပံ့ပိုးပေးတယ်။ မိမိတို့အနေဖြင့် လုပ်ဆောင်ဖို့လိုအပ်တာကဝိညာဉ်ရေးရာအရင်းအမြစ်ထံ ပြန်လှည့်လာကြဖို့နဲ့ စိတ်အင်အားတွေ ပြန်ဖြည့်ဆည်းကြဖို့လိုပါမယ်။ မိမိတို့ရဲ့ ယုံကြည်ခြင်းအုတ်မြစ်သာ ခိုင်ခံစိတ်ချနေရင် ပြင်ပရဲ့အင်အားစုတွေ ဘာတစ်ခုမျှ မိမိတို့ကိုမပြိုလဲစေနိုင်ပါဘူး။*ယုံကြည်မှုဗဟိုပြုရာကို လွတ်ချထားလိုက်ရင်တော့ကြောက်ရွံထိတ်လန့်ဖွယ်ရာများကိုကြုံတွေ့ရနိုင်ပါတယ်။အခြားသောပြင်ပအပေါ်ယံအရာများအပေါ်မှီခိုရှင်သန်ခြင်းက မှန်ကန်သောဗဟိုချက်မနဲ့ ကင်းကွာခြင်းရဲ့လက္ခဏာပါ။ လူတချို့က အတွင်းအင်းအားစုကို ပြင်ပအင်အားစုများဖြစ်တဲ့စည်းစိမ်ဥစ္စာ၊ နေရာပါဝါ၊ နောက်လိုက်အခြွေအရံ၊ အားပေးထောက်ခံကြသူများနဲ့အစားထိုးနေရာယူစေတယ်။ယင်းအရာတွေတဖြည်းဖြည်းလျော့နည်းပျောက်ဆုံးသွားတဲ့အခါမိမိဘဝအပေါ်ဆိုးရွားလှသောအကျိုးယုတ်ကို ခံစားသွားရနိုင်ပါတယ်။ဘယ်သူကမျှ မတည်မြဲသောလုံခြုံမှုတံတိုင်းနောက်ကွယ်မှာအချိန်ကြာမြင့်စွာမပုန်းနေနိုင်ကြဘူး။တံတိုင်းများပြိုကျသွားတဲ့အချိန်အဓိပ္ပါယ်မဲ့ခြင်းများဟာဘူးပေါ်သလိုပေါ်လာပါလိမ့်မယ်။ဘဝသက်တာရဲ့သခင့်ကိုမေ့လျော့နေသူများအတွက်ယေဇူးဘုရားရှင်ရဲ့သတိစကားကတော့“လူတို့ရှေ့၌ ငါ့အားငြင်းပယ်သောသူတိုင်းကိုငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်ရှေ့တွင်ငြင်းပယ်မည်“လို့ မိန့်ဆိုထားသောစကားကိုအမြဲနှလုံးမူကြဖို့ လိုအပ်ပါတော့တယ်။