၂.၇.၂၀၂၃ - ၁၃ ကြိမ်မြောက် သာမန်ကာလ၊တနင်္ဂနွေနေ့
Thirteenth Sunday in Ordinary Time
Reflection by Sr. Lucy Lu Nan OP.
Posted by Sr. Benedetta Myat Hnin Nwe(ISR)
(ရှင်မာဿဲ - ၁၀:၃၇-၄၁)
‘အဖ၊သို့မဟုတ်အမိကိုငါ့ထက်ပို၍ချစ်သောသူသည်ငါနှင့်မထိုက်တန်။သား၊သို့မဟုတ်သမီးကိုငါ့ထက်ပို၍ချစ်သောသူသည်ငါနှင့်မထိုက်တန်။မိမိ၏လက်ဝါးကပ်တိုင်ကိုမထမ်းဘဲငါ့နောက်သို့လိုက်သောသူသည်ငါနှင့်မထိုက်တန်။’မိမိ၏အသက်ကိုရှာဖွေတွေ့ရှိသောသူသည်အသက်ကိုဆုံးရှုံးလိမ့်မည်။ငါ့အတွက်ကြောင့် မိမိ၏အသက်ကိုအဆုံးရှုံးခံသောသူသည်ထိုအသက်ကိုရလိမ့်မည်။သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုလက် ခံ၏။လူတစ်ဦးသည်ပရောဖက်တစ်ပါးဖြစ်ခြင်းကြောင့် ထိုပရောဖက်ကိုလက်ခံသောသူသည်ပရောဖက်၏ဆုလာဘ်ကိုရလိမ့်မည်။ထို့အတူလူတစ်ဦးသည်ဖြောင့်မတ်သောသူဖြစ်ခြင်းကြောင့်ထိုဖြောင့်မတ်သူကိုလက်ခံသောသူသည်ဖြောင့်မတ်သူ၏ ဆု လာဘ်ကိုရလိမ့်မည်။ထောက်ရှုချက်...ယနေ့ ရှင်မာဿဲဧဝံဂေလိကျမ်းစာတော်မြတ်၌"သူတို့ကိုချစ်သောသူ”ဟုမဆို“ငါ့ထက်သာ၍ချစ်သောသူ"ဟုယေဇူးခရစ်တော်ရှင်မိန့်မှာခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်တို့လူသားဘဝ၏အလွန်အရေးကြီးသောမိသားစုနှောင်ကြိုးများကိုဖြတ်တောက်ရန်မဟုတ်ဘဲ၊ကျွန်ုပ်တို့၏ဝိညာဉ်ရေးကတိကဝတ်များသည်ခရစ်တော်ဘုရားရှင်အပေါ်၌အစဉ်အမြဲ ဦးစားထားရပေးမည်။လူသားမိဘများမှမွေးဖွားခြင်းဖြင့်လူသားသည် လူ့လောကကမ္ဘာကြီးသို့ရောက်ရှိခဲ့သော်လည်း လူသားတစ်ဦး၏မူလအစသည်ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်သည်။ကျွန်ုပ်တို့ကိုဤလောကသို့ခေါ်ဆောင်လာသူများအားကျွန်ုပ်တို့ချစ်မြတ်နိုးခြင်းသည်မင်္ဂလာတစ်ပါးဖြစ်သော်လည်းကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဘုရားသခင်ကိုအရာအားလုံးတို့ထက်ချစ်မြတ်နိုးခြင်းသည်။ဘုရားရှင်နှင့်အတူထာဝရအသက်သာအမွေခံထိုက်သူများဖြစ်စေသည်။ဘုရားရှင်၏နောက်လိုက်တပည့်ကောင်းတစ်ဦးသည်အခြားအရာအားလုံးထက်ဘုရားသခင်ကိုချစ်မြတ်နိုးပြီးအားလုံးကိုစွန့်လိုစိတ်ရှိသည်။ဘုရားသခင်၏ရွှေပုံသဏ္ဍာန်တော်ဖြင့် ဖန်ဆင်းထားသော ဘုရားရှင်၏သား၊ သမီးများအပေါ်စေတနာ၊ မေတ္တာစိတ်ပြသနိုင်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်မြတ်၌အစဥ်တည်မြဲခြင်းဖြင့် စစ်မှန်သောဘဝ အသက်တာနှင့်ငြိမ်းချမ်းခြင်းမင်္ဂလာဆုလာဘ်ကို ဆွတ်ခူးနိုင်သည်။ကျွန်ုပ်တို့အားလုံးသည်ယေဇူးခရစ်တော်၌ဆေးကြောခြင်းမင်္ဂလာကိုခံယူခဲ့ကြသည့်နည်းတူခရစ်တော်ရှင်၏သေခြင်း၌ပေါင်းစပ်ကာ ထာဝရဘုန်းဂုဏ်တော်ဝင်စားသောအခွင့်ရရှိမည်ဖြစ်ကြောင်းတမန်တော်ကြီးရှင်ပေါလုမှသွန်သင်ခဲ့သည်။ထို့ကြောင့် အတုအယောင်လောကအလှတရားများအပေါ်ခုန်မင်မနေပဲစစ်မှန်သော သမ္မာတရားလမ်းပေါ်၌ကျွန်ုပ်တို့၏ စိတ်ဝိညာဥ်ဆွဲကပ်နေရန်လိုအပ်ပေသည်။အပြစ်ဒုစရိုက်၌ သေပြီးသောကျွန်ုပ်တို့သည်အပြစ်နွံထဲ၌ဆက်လက်အသက်ရှင်သန်နေရန်မဟုတ်။ အသစ်သောဘဝအသက်တာ၌ ဆက်လက် လျှောက်လှမ်းလျက် ယေဇူးခရစ်တော်၏ တရားတော်မြတ်ကို လူမျိုးတကာတို့အားဟောပြောသက်သေခံကြရမည်။ မိမိ၏လက်ဝါးကပ်တိုင်ကိုမထမ်းဘဲ ငါ့နောက်သို့လိုက်သောသူသည် ငါနှင့်မထိုက်တန်။"ဟု ခရစ်တော်ရှင်မိန့်မြွက်တော်မူခဲ့သည်။လောကမီးတို့ဖြင့်လောင်ကျွမ်းနေသည့်ကျွန်ုပ်တို့ကမ္ဘာကြီးတွင်ခရစ်တော်ရှင်၏ကိုယ်ပွားများဖြစ်ရန်များစွာသောစိန်ခေါ်မှုမျိုးနှင့်ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နိုင်သည်။ခရစ်တော်၌အခြေ ပြု၍တည်ဆောက်ထားသောကျွန်ုပ်တို့၏ဝိညာဥ်ရေးရာမဏ္ဏိုင်ကြီးသည်ပျက်စီးပြိုလဲသွားမည်မဟုတ်၊ကိုယ်တော်ရှင်နှင့်တစ်လုံးတစ်ဝတည်းပေါင်းစပ်နေခြင်းဖြင့်မည်သည့်အရာမျှကျွန်ုပ်တို့ကိုမအောင်နိုင်ရာ။ထို့ကြောင့်ဘဝတွင်အမျိုးမျိုးသောနှောင့်ယှက်ခြင်းများနှင့် ကြုံတွေ့နိုင်သော်လည်း ဘုရားသခင်အားအစဥ်ယုံကြည်ကိုးစားခြင်း၊ချစ်လေးမြတ်ခြင်းနှင့်အတူကိုယ်တော်ရှင်၏ ရှေ့မျက်မှောက်တော်၌အစဥ်ဧကျူးချီးမွမ်းလျက်"အို ထာဝရဘုရားသခင်၊အကျွန်ုပ်သည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်ကိုကာလအဆက်ဆက်သီဆိုချီးမွမ်းပါမည်။"(ဆာလံကျမ်း ၈၉:၁)