9.7.2023 – 14th Week in Ordinary Time, Sunday
၁၄ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ (A)
ပထမကျမ်း(ဇာ ၉:၉)နဲ့ဧဝံဂေလိကျမ်း(မာတေး ၁၁:၂၅)မှာ ပရောဖက်ဇာခရိနဲ့ယေဇူးဘုရားရှင်တို့ကပြုတော်မူခဲ့တဲ့တန်ခိုးအံဩဖွယ် ရာအမှုတော်များအတွက် အဘခမည်းတော်ဘုရားကို ချီးမွမ်းခဲ့ကြတယ်။ ယေဇူးရှင်က ပညာရှိသူများကို မဟုတ်ပဲ ငယ်ရွယ်သူများကို ကောင်းကင်နိုင်ငံတော်ဆိုင်ရာလျှို့ဝှက်နက်နဲမှုများအား ဖော်ပြတော်မူခြင်းအတွက် ခမည်းတော်ဘုရားအားချီးမွမ်းခဲ့တယ်။ယေဘူယျအားဖြင့်ငယ်ရွယ်အားနည်းသူများနဲ့ပညာမတတ်သူများကလူ့အသိုင်းအဝန်းထဲမှာနေရာမရကြပါဘူး။သို့ပေမယ့်ယေဇူးဘုရားရှင်အတွက်ကတော့ သူတို့တွေကမင်္ဂလာရှိသူများဖြစ်ကြတယ်။အကြောင်းရင်းက ခမည်းတော်ဘုရားကမိမိရဲ့ဘုန်းတန်ခိုးတော်ကို ၎င်းပုဂ္ဂိုလ်များအားရွေးချယ်ဖော်ပြပေးတော်မူလို့ ဖြစ်တယ်။ယေဇူးဘုရားရှင်ကသာသနာ့လယ်ခင်းထဲကအောင်မြင်စွာနဲ့ပြန်ရောက်ရှိလာခဲ့ကြတဲ့ ပညာသတိနဲ့ ပြည့်စုံသူများမဟုတ်ကြသူတပည့်တော်များ(၇၀)အတွက် ခမည်းတော်ဘုရားအား ကျေးဇူးတင်ချီးမွမ်းခဲ့တယ်(လုကာ ၁၀:၂၀-၂၁)။ကိုယ်တော်ရှင်ဟာ ဆင်းရဲနွမ်းပါးတဲ့ကြားကမိမိအသက်မွေးစရာရှိသမျှကိုဗိမာန်တော်ဘဏ္ဍာအလှူပေးခဲ့တဲ့ မုဆိုးမတစ်ဦးကိုလည်း ဂုဏ်ပြုစကားမိန့်ဆိုခဲ့တယ်။ဗိမာန်တော်ထဲလာပြီး နောင်တစိတ်နဲ့နှိမ့်ချစွာ အသနားခံဆုတောင်းခဲ့သူအခွန်ခံတစ်ဦးရဲ့အဖြစ်ကိုလည်းအသိမှတ်ပြုဂုဏ်ယူခဲ့တယ်။သူဌေးနဲ့လာဇရုတို့ရဲ့ဖြစ်ရပ်မှာလည်း သူဌေးကိုယ်တိုင်နဲ့လူအများစုရဲ့လစ်လျူရှုပစ်ပယ်ကြတဲ့ သူတောင်းစားလာဇရုကိုမြှောက်စားချီးမွမ်းခဲ့ပါတယ်။ကိုယ်တော်ရှင်ဟာအခွန်ခံသူများနဲ့အပြစ်ရှိသူများတို့နဲ့အတူထိုင်ပြီးမိတ်ဖွဲ့စားသောက်ခဲ့ပါတယ်။ပျောက်သောသားပုံဥပမာအားဖြင့်ဖြောင့်မတ်သူတွေထက်နောင်တရတဲ့အပြစ်သားတစ်ယောက်အတွက်ပိုပြီးဝမ်းသာပီတိဖြစ်ရကြောင်းကိုမိန့်ကြားပေးခဲ့တယ်။အချင်းချင်းကြားနေရာ၊ပါဝါလုနေကြတဲ့တပည့်တော်ကြီးများကိုသူငယ်တစ်ယောက်ရဲ့ဥပမာအားဖြင့်ဆင်ခြင်သုံးသပ်စေခဲ့တယ်။ဘုရားရှင်မြတ်ရွှေမျက်မှောက်တော်မှာက ဆင်းရဲနွမ်းပါးသူများ၊ နှိမ့်ချသူများ၊ ရိုးသားဖြောင့်မတ်သူများဟာကြီးမြတ်သောသူများဖြစ်ကြတယ်။ခမည်းတော်ဘုရားက၎င်းပုဂ္ဂိုလ်များကိုအထူးနှစ်သက်မြတ်နိုးတော်မူတယ်။ လောက သားများက အာဏာရှိသူ၊ ခွန်အားပြည့်ဝသူ၊ ကြွယ်ဝပြည့်စုံသူများကို ရွေးချယ်မိတ်ဖွဲ့တတ်ကြတယ်။ ဩဇာမဲ့သူ၊တရားမဝင်သူ၊ ရွှေ့ပြောင်းခိုလှုံသူ၊နိမ့်ကျသူများကတော့ လောကကြီးမှာ နေရာပျောက်နေကြရတယ်။ ကနေ့ဧဝံဂေလိကျမ်းစာမှာစိတ်ခွန်အားနဲ့ ဝိညာဉ်ချမ်းမြေ့သာယာခြင်းကိုခံယူပိုင်ဆိုင်ကြဖို့လူအားလုံးကို ယေဇူးဘုရားရှင်ကဖိတ်ခေါ်နေပါတယ်။ကိုယ်တော်ရှင်ရဲ့မျက်မှောက်မှာခစားရောက်ရှိကြသူများဟာငြိမ်းဧမှုအပေါင်း ပြည့်ဝခံစားနိုင်ကြပါလိမ့်မယ်။အာဏာရှင်များ၊ မာနရှင်များ၊အရာရာမှာပြည့်စုံနေတယ်လို့ ထင်မှတ်ကြသူများထက် နိမ့်ချနာခံကြသူများ၊ရိုးသားကြိုးစားကြသူများကမိမိတို့ရဲ့ လိုအပ်မှုကွက်လပ်အဖြေကိုယေဇူးဘုရားရှင်ထံပါးမှာ ရှာဖွေတွေ့ရှိနိုင်ကြောင်းယုံကြည်ခံယူပြီးတိုးဝင်ခိုလှုံကြပါလိမ့်မယ်။သင်နဲ့ ကျွန်ုပ်ကရောဘယ်သူ့ထံပါးချည်းကပ်ကိုးစားကြမလဲ။