“ကြမ်းကျွံလျှင်နုတ်၍ရသည်၊ စကားလွန်လျှင်နုတ်၍မရနိုင်” ဆိုတဲ့မြန်မာဆိုရိုးစကား ရှိပါတယ်။ ကြမ်းပေါက်ကျွံခဲ့သော်လည်း ခြေထောက်ကို ပြန်ဆွဲထုတ်၍ ရနိုင်ပါသေးသည်။ လူမှုနယ်ပယ်တွင် စကားလွန်အောင် ပြောဆိုမိခဲ့သော် ပြန်ပြီးရုတ်သိမ်း၍ မရနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ကို ထောက်ရှုစဉ်းစားမယ်ဆိုလျှင် ဟေရုဒ်မင်းကြီး၏ စကားလွန်မှုကြောင့် မိမိတန်းဖိုးထားလေးစားရသည့် ယောဟန်ဗတ္တိဇံကို မသတ်ချင်ပေမယ့် သတ်ခဲ့ရသည်။ မိမိ၏နှုတ်အားဖြင့် တပါးသူအသက်ပါ ဆုံးရှုံးခဲ့ရသည်။ ”စကား” ဆိုသောအရာသည် တစ်ပါးသူကို ကယ်တင်နိုင်သလို၊ ဒုက္ခရောက်အောင်လည်း လုပ်နိုင်သည်။ ဒါကြောင့်မို့ ကျွန်ုပ်တို့သည် ဘုရားရှင်၏သားသမီးတွေပီပီ ကျွန်ုပ်တို့၏နှုတ်လျှာကို စောင့်ထိန်းပြီး ဘုရားရှင်မြတ်ရဲ့ စစ်မှန်တဲ့တရားတော်မြတ်ကို ဝန်ခံဟောပြောကြရမည် ဖြစ်သည်။ နောက်ပြီး ယောဟန်ကဲ့သို့ မှန်သည့်အရာကိုမှန်ကြောင်း၊ မှားသည့်အရာကိုမှားကြောင်း ထောက်ပြရဲသည့်သတ္တိတွေ မွေးမြူကြရပါမည်။ အတုယောင်တွေ ပေါများနေသည့်ခေတ်သမယမှာ အမှန်တရားကို ချစ်မြတ်နိုးသည့်သူများဖြစ်ဖို့ရန် ကြိုးစားကြရပါမည်။
#ဒီကင် ဟင်နရီ