13.7.2023 – 14th Week in Ordinary Time, Sunday
ဇူလှိုင် ၁၃ ရက်နေ့၊ ၁၄ ကြိမ်မြောက်သာမန်ကြာသပတေးနေ့ (A)
သံမာတေဦး ၁၀း ၇ - ၁၃
Reflection by Fr. Paul Aung Myint Win O.P
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်တို့သည်အဖိုးအခမပေးဘဲခံယူရရှိကြသည်ဖြစ်၍အဖိုးအခမယူဘဲ ပေးကမ်းကြလော့။နေ့စဉ် ကျွန်ုပ်တို့ရဲ့ဘ၀အသက်တာမှာဘုရားသခင်ရဲ့ကျေးဇူးတော်တွေဟာ နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ရောက်ရှိလာတတ်ပါတယ်။အချို့သောကျေးဇူးတော်တွေဟာ မြင်သာထင်သာရှိသလို အချို့သော ကျေးဇူးတော်တွေဟာ မြင်သာထင်သာမရှိတတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီကျေးဇူးတော်တွေအတွက် အဖိုးအခ ပေးစရာမလိုပါဘူး။ကျွန်ုပ်တို့ရဲ့ဖြစ်တည်မှု၊အသက်ရှင်မှု၊ အရည်အချင်းတွေ၊မေတ္တာတရားတွေနဲ့ ကျေးဇူးတရားတွေ၊ အထူးသဖြင့်ဘုရားသခင်ရဲ့တရားဒေသနာတော် သတင်းကောင်းကို ကျွန်ုပ်တို့အဖိုးအခမပေးဘဲရရှိခဲ့ကြပါတယ်။ဒီနေ့ဧဝံဂေလိကျမ်းမှာခရစ်တော်ဘုရားရှင်ကတပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးကို စေလွှတ်တဲ့အခါဧဝံဂေလိသတင်း ကောင်းကို အခကြေးငွေမယူဘဲ ဟောပြောကြဖို့၊သူတို့ရရှိထားတဲ့ကုသခြင်းကျေးဇူးတော်နဲ့နတ်ဆိုးနှင်ထုတ်ဖို့ အခွင့်အာဏာတွေကိုအသုံးချပြီး လူတွေကို အခမဲ့ကူညီပေးကြဖို့အထူးမိန့်မှာနေပါတယ်။ဒီနေ့ကျွန်ုပ်တို့တစ်ဦးချင်းစီဟာလည်း တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါး စေလွှတ်ခံခဲ့ရသလိုဒီနေ့ ဒီလောကကြီးဆီ စေလွှတ်ခြင်းခံရပါတယ်။ အခမဲ့ရရှိထားတဲ့အံ့သြဖွယ်ရာကယ်တင်ခြင်းအကြောင်းကို အခကြေးငွေမယူဘဲ ပြန်လည်ဟောကြားပေးဖို့ အင်မတန်မှအရေးကြီးပါတယ်။ ဒီအံ့သြဖွယ်ရာ ကယ်တင်ခြင်းတရားထဲမှာ မကျန်းမာသူတွေကိုကုသပေးဖို့၊ဂရုစိုက်ပေးဖို့၊ ဆုတောင်းပေးဖို့နဲ့နတ်ဆိုးတွေကို မောင်းထုတ်ပေးဖို့ပါ၀င်ပါတယ်။ ပိုပြီးအရေးကြီးတာကလူတွေကို ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ နီးစပ်အောင် ကူညီပေးကြဖို့၊ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဖြစ်ကြောင်း သတင်းကောင်းဟောပေးဖို့ ဖြစ်ပါတယ်။ ဒီလို ဘုရားသခင်ရဲ့သတင်းကောင်းဟောကြားရာမှာကျွန်ုပ်တို့ကိုယ်တိုင်ကလည်း တပ်မက်မှုတွေနဲ့ ကင်းပြီး လွတ်လပ်နေဖို့၊ ရလေရလေအိုတစ္ဆေမဖြစ်ကြဖို့၊ ကိုယ့်ရဲ့သာသနာပြုခြင်းလုပ်ငန်းမှာ အာရုံစိုက်နိုင်ဖို့ခါးပိုက်အိတ်ဆောင်၊ရွှေ၊ငွေနဲ့ အပိုတွေ ယူမသွားကြဖို့ ခရစ်တော်မိန့်မှာနေပါတယ်။ဒီနေ့ကမ္ဘာကြီးဟာ ရုပ်၀တ္ထုတွေနဲ့ပေါများလှပါတယ်။ဒါပေမယ့် တရားမျှတမှု၊မေတ္တာတရားနဲ့ စာနာမှုတွေဝေမျှဖို့ ရှားပါးလာပါတယ်။ ဒီလိုအချိန်အခါမှာ ဘုရားသခင်ကကျွန်ုပ်တို့ကို သတင်းကောင်းပြောဖို့ စေလွှတ်နေပါတယ်။ အဖိုးအခမပေးဘဲ ကျွန်ုပ်တို့ရရှိတဲ့ ကျေးဇူးတော်တွေနဲ့ ကောင်းမြတ်ခြင်းတွေကို အဖိုးအခမယူဘဲပြန်လည်ဝေငှ သာသနာပြုကြပါစို့။ဘုရားသခင်၏နိုင်ငံတော်သည် ကျွန်ုပ်တို့နှင့်အတူ ရောက်ပါစေသော်။