ဒီကနေ့ဖတ်ခဲ့တဲ့ ရှင်မာကုဧဝံဂေလိကျမ်း (၆း ၃၀-၃၄)မှာ အဓိကအချက်အနေနဲ့ လူသားတွေအပေါ်ထားတဲ့ သခင်ခရစ်တော်ရဲ့ စိတ်နေသဘောထားကို ထောက်ရှူ့မိပါသည်။ သခင်ယေဇူးက သူ့နောက်လိုက်တဲ့ လူအုပ်ကြီးကိုမြင်တဲ့အခါ သနားဂရုဏာသက်မိသည်ဟု ကျမ်းစာထဲမှာ ဖော်ပြထားပါသည်။ သနားဂရုဏာတတ်ခြင်းကို အင်္ဂလိပ်လိုက Compassion ဟု ရေးထားပါသည်။ Com ဆိုတဲ့ စာလုံးရဲ့အဓိပ္ပါယ်က အတူတကွရှိခြင်း၊ ထပ်တူထပ်မျှရှိခြင်း ဟု အဓိပ္ပါယ်ရပါသည်။ Passion ဆိုတာကတော့ ချစ်စိတ်ပြင်းပြမှု ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ တွေ့ရပါသည်။
Compassionate Heart လို့ပြောတဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးကို မြင်တဲ့အခါ သူနဲ့တွေ့ကြုံတဲ့အခါ ထိုပုဂ္ဂိုလ် ခံစားနေတဲ့၊ ဖြစ်ပျက်နေတဲ့ အခြေအနေထဲမှာ ထဲထဲဝင်ဝင် ခံစားခြင်း၊ သူနဲ့ထပ်တူခံစားရပြီး လိုအပ်ချက်တွေကို ကူညီဖြည့်စည်းပေးရန် ပြင်းပြသော ဆန္ဒရှိသော စိတ်ထားကို ဆိုလိုပါတယ်။ သခင်ယေဇူး ဘုရားရှင်က အနာရောဂါ ပျောက်ကင်းစေတယ်၊ သေသောသူကို ပြန်ရှင်စေတယ်၊ နတ်ဆိုးတွေ နှင်ထုတ်ပေးတယ်၊ ခြေလက်မသန်စွမ်းသူတွေကို ကုသပေးတယ်၊ မျက်ကန်း ဆွံ့အ နားမကြားသူတွေကို ကုသပေးတယ်ဆိုတဲ့ အကြောင်းတွေကို ကျမ်းစာထဲမှာ တွေ့မြင်ခဲ့ကြပါသည်။ ဓမ္မဟောင်းကာလမှာ အီဇရာအဲလ်လူမျိုးတွေကို စားစရာတွေ ပေးခဲ့ခြင်း၊ သူတို့ကိုကျွန်ဘဝကနေ ကယ်နှုတ်ပေးတော်မူခဲ့တဲ့ ဘုရားသခင်ရဲ့ မဟာဂရုဏာကိုလည်း တွေ့မြင်ခဲ့ကြရပါသည်။ သခင်ခရစ်တော်ဘုရားရှင်ကလည်း ဒီလိုအရာတွေ လုပ်ဆောင်ခြင်းဟာ လူသားတွေကို အထူးသဖြင့် အကူအညီလိုအပ်နေသော ပုဂ္ဂိုလ်တွေကို မြင်တိုင်းမှာ သနားဂရုဏာဖြစ်ပြီး သူတို့လိုအပ်နေတဲ့ ကုသခြင်းတွေကို ပေးတော်မူခဲ့ပါသည်။ ဘုရားအနေနဲ့ လူသားတွေအပေါ်ထားတဲ့ စိတ်ထားပင်ဖြစ်သည်။
ဒီနေ့ ကျွန်ုပ်တို့ကို ကျမ်းစာအားဖြင့် သွန်သင်ပေးနေတဲ့အချက်က မိမိနဲ့နီးစပ်တဲ့သူတွေကို အကူအညီလိုနေသော သူတွေအပေါ် ထားရမည့် စိတ်နေစိတ်ထားပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ရော မိမိရဲ့ဘဝမှာ တွေ့ကြုံခဲ့ဖူးတဲ့၊ တွေ့ကြုံနေရတဲ့ လူတွေအပေါ်မှာ ဘယ်လိုစိတ်ထားနဲ့ ဆက်ဆံခဲ့သလဲ?၊ သူတို့ကို လစ်လျှူရှုမိခဲ့သလား?၊ သနားကြင်နာ ကူညီဖေးမမည့်အစား အမြတ်ထုတ်ကာ အနိုင်ကျင့်နေခဲ့မိလား? ဆိုတာ ဆင်ခြင်ကြည့်ကြရမည်။ သခင်ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်တဲ့ ကျွန်ုပ်တို့တတွေဟာ သခင်ခရစ်တော်ရဲ့ စိတ်ထားကိုအတုယူလိုက်ကျင့်ဖို့ လိုပါသည်။ ထို့ကြောင့် နေ့စဉ်ဘဝအသက်တာမှာ လုပ်ဆောင်ပြုမူကျင့်ကြံနေတဲ့ အရာမှန်သမျှကို ဆင်ခြင်ကြရမည်။ အရင်ကထက်ပိုပြီး လူတွေအပေါ်မှာ ဂရုဏာတရား ထားနိုင်အောင် ကြိုးစား ကြရမည်။ ထို့ကြောင့် သနားကြင်နာတတ်တဲ့ စိတ်ထားကို ရင်ဝယ်ပိုက်ပြီး ကောင်းမွန်မြင့်မြတ်ပြီး လက်တွေ့ကျင့်နေထိုင်တဲ့ ဘဝအသက်သာကို ပိုင်ဆိုင်ဖို့ လိုအပ်တဲ့ကျေးဇူးတော်များကို ဆက်လက် တောင်းလျှောက်ကြပါစို့။ ထို့နောက် ရရှိတဲ့ကျေးဇူးတော်တွေကို လက်တွေ့ဘဝမှာ ကျင့်ကြံ လုပ်ဆောင်ရင်း လောကကြီးကို အလှဆင်ကြပါစို့။ အာမင်။
#ဘရာသာရ် ဘားနတ် (MS)