ဤယနေ့ကျမ်းစာတော်မြတ်ထဲမှာ မိခင်တဦး၏ နှိမ့်ချခြင်းပါရမီကို ဝါကျ(၂)ခုအားဖြင့် တွေ့နိုင်ပါတယ်။ “ချက်ချင်းလာ၍ ခြေတော်ရင်း၌ ပျပ်ဝပ်ရှိခိုးလေ၏။” (ရှင်မာကု ၇း၂၅) “ကိုယ်တော်အား တောင်းပန်လေ၏။” (ရှင်မာကု ၇း၂၆) သခင်ခရစ်တော်ကလည်း မိခင်တဦး၏ စိတ်နှလုံး နှိမ့်ချခြင်းကိုမြင်၍ မိခင်၏အလိုဆန္ဒပြည့်အောင် ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူမ၏အလိုဆန္ဒကတော့ (ရှင်မာကု ၇း၃၀) “နတ်ဆိုးသည်လည်း ထွက်ခွာသွားပြီးဖြစ်သည်ကို တွေ့လေ၏။” သူမသမီး၌ လိုအပ်လျှက်ရှိသော ကုသခြင်းဆိုတဲ့ တန်းခိုးအံ့ဖွယ်ရာဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့မှာလည်း နှိမ့်ချခြင်းပါရမီတွင် စံနမူနာထားရတဲ့ မိခင်တဦးရှိပါတယ်။ ကျွန်ုပ်တို့အတွက် နှိမ့်ချခြင်းဖြင့် ဘုရားသခင်ထံ ကြားဝင်တောင်းလျှောက်ပေးနေတဲ့ ဘုရား၏အမေ မိခင်မယ်တော်မာရိယာဘဲ ဖြစ်ပါတယ်။ မယ်တော်ဟာ နှိမ်ချခြင်းပါရမီကို ကျွန်တော်တို့မြတ်နိုးဖို့ သူမဘဝနှင့်ရင်းပြီး နေထိုင်သက်သေ ပြသွားခဲ့ပါတယ်။ မယ်တော်၏နှိမ့်ချခြင်းသည် ဘုရားသခင်အတွက်သာ ဖြစ်တယ်။ ဒါကြောင့် မယ်တော်သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ထံ အမြဲကြားဝင် တောင်းလျှောက်ပေးပြီး၊ ကျွန်တော်တို့ ဆုတောင်းခြင်းမှာ မွေ့လျော်ပြီး၊ နောင်တတရားဖြင့် ဘုရားသခင်ထံ ပြန်လာဖို့ မယ်တော်ဟာ အမြဲတမ်း သတိပေးနေပါတယ်။ မယ်တော်ကဲ့သို့ (ရှင်လုကာ ၁း၃၈) “ကိုယ်တော်၏ စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေသော်ဟု” စကားကို ကျွန်ုပ်တို့နေ့စဉ်ဘ၀ အသက်တာမှာ နှိမ့်ချခြင်းဖြင့် ရွတ်ဆိုနိုင်ဖို့၊ သက်ရှင်နေထိုင်ဖို့ လိုအပ်လှပေတယ်။ မယ်တော်ရဲ့ နှိမ့်ချခြင်းက ကျွန်ုပ်တို့၏ ကယ်တင်ခြင်းလမ်းစကို စတင်ခဲ့သလို၊ ထိုနည်းတူ ဤယနေ့ ကျမ်းစာတော်မြတ်ထဲမှာ မိခင်တဦး၏ နှိမ့်ချခြင်းက ကုသခြင်းဆိုတဲ့ တန်ခိုးအံ့ဖွယ်ရာကို ရရှိခဲ့သလို ကျွန်ုပ်တို့လည်း နှိမ့်ချခြင်းပါရမီကို ပွေ့ဖက်ပြီး ကျွန်ုပ်တို့ဘဝအသက်တာ၌ နှုတ်တော်ထွက်စကားအတိုင်း နေထိုင်နိုင်ပြီး၊ သက်သေခံနိုင်သော မယ်တော်၏သားသမီးများ ဖြစ်ကြပါစေ။
#Rev. Michael Kyaw Swar Naing (MS)