#ဖေဖော်ဝါရီ (၁၇) / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဝါကြီးဝင်သည့်ဗုဒ္ဓဟူးနေ့၊ ပြာခံပွဲနေ့
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၆း ၁-၆၊ ၁၆-၁၈)
#ဘရာသာရ် အော်စကာ ဝေလွင်ဦး (MS)
(Missionaries of La Salette)
Posted by M Sulatthtwe
ပြာခံပွဲနေ့ဟာ ခရစ်ယာန်များအဖို့ ဝါဝင်တဲ့နေ့ ဖြစ်ပါတယ်။ ပြာခံပွဲနေ့ကစလို့ ၁။ဝါရှောင် အသာရှောင်ခြင်း၊ ၂။ဆုတောင်းမေတ္တာပြုခြင်း၊ အလှူငွေထည့်ဝင်ခြင်းများကို ပြုလုပ်ကြဖို့ ဝတ္တရားရှိပါတယ်။ မိမိတို့ရဲ့ ကိုယ်စိတ်နှလုံးကို ထိန်းချုပ်ကာ ဖြူစင်သန့်ရှင်းခြင်းဖြင့် အီစတာပွဲတော်ကို ထိုက်တန်စွာ ပါဝင်ကျင်းပနိုင်ရန် ပြင်ဆင်ခြင်း အခါဿမယလည်း ဖြစ်ပါတယ်။ အသက်၁၄နှစ် အထက်ရှိတဲ့ ခရစ်ယာန်တိုင်းဟာ ဝါတွင်းကာလ သောကြာနေ့တိုင်း သောကြာနေ့ကြီး အပါအဝင် အသားရှောင်ဖို့နှင့် ဝါရှောင်ဖို့ရန် တာဝန်ဝတ္တရား ရှိကြပါတယ်။ ကျန်းမာရေး မကောင်းသူများကတော့ ထိုတာဝန်ဝတ္တရားမှ ကင်းလွတ်ကြပါတယ်။ ရက်ပေါင်း (၄၀) ဝါတွင်းကာလမှာ အဓိကအားဖြင့် နောင်တတရားယူခြင်းနှင့် မိမိအပြစ်အတွက် နောင်တတရားယူဖို့ အချိန်အခါ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ယေဇူးဘုရားရှင်က ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံခဲ့ခြင်း ဖြစ်ပါတယ်။ နဖူးပေါ်တွင် ပြာလူးပေးခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ သေခြင်းတရားကို ပြန်လည်သုံးသပ်ဖို့ရန်နှင့် နောင်တတရား ယူဖို့ရန်ပဲဖြစ်ပါတယ်။ မိမိတို့ရဲ့ အသုံးစရိတ်များကို ချိုးခြံချွေတာခြင်း၊ မရှိဆင်းရဲသားများကို ပေးကမ်းခြင်းများ ပြုလုပ်ကြဖို့လည်း တာဝန်ဝတ္တရား ရှိပါတယ်။ ကိုယ့်ရဲ့အသုံးစရိတ်များကို ခြိုးခြံချွေတာခြင်းဖြင့် လိုအပ်သူများကို ဝေမျှနိုင်မယ်။ သူများကို ဝေမျှပေးခြင်းအားဖြင့် မိမိတို့ရဲ့ လောဘ၊ တကိုယ်ကောင်းဆန်မှု၊ မနာလိုဝန်တိုမူတွေကို ချုပ်တီးအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ယေဇူးဘုရားရှင်ဟာ လူသားများအဖို့ မိမိအသက်ကို ပေးစွန့်ခဲ့သလို ကျွန်တော်တို့ တစ်ဦးစီဟာလည်း ပေးကမ်းစွန့်ကြဲတတ်သော ပုဂ္ဂိုလ်များဖြစ်ဖို့ အများကောင်းကျိုးအတွက် ဆက်ကပ်နိုင်သော သူများဖြစ်ဖို့ လိုအပ်ပါတယ်။
ဒီကနေ့ ကျမ်းစာတော်မြတ်ကနေ ကျွန်ုပ်တို့တစ်ဦးစီကို မီးမှောင်းထိုးပြနေတာကလည်း ကျွန်ုပ်တို့ ပြုလုပ်ကြတဲ့ အလှူဒါန၊ ဆုတောင်းဝတ်ပြုခြင်း၊ အစာရှောင်ခြင်းများကို လူများမြင်စေခြင်းသက်သက် မဟုတ်ဘဲ စိတ်နှလုံးအတွင်းထဲကနေ ဘုရားကိုချစ်တဲ့စိတ်နဲ့ နှိမ့်ချခြင်းဖြင့် ကောင်းမူများကို ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ တခါတရံ ကျွန်ုပ်တို့ ကောင်းမူကုသိုလ်များကို ပြုနိုင်တဲ့အခါ မိမိကိုယ်ကို ဘုရားနှင့် နီးစပ်ပြီဟု ထင်မှတ်ကြကာ ပိုမိုပြီးနှိမ့်ချခြင်း ရှိရမည့်အစား ဝိညာဉ်ရေးရာမာန (Spiritual Pride) တက်လာကြတယ်။ လူတွေကို ငါ့လောက်မကောင်းဘူး၊ မတူမတန် အပြစ်သားများအဖြစ် မြင်လာတတ်ကြတယ်။ ထိုကဲ့သို့ စိတ်ထားမျိုးဟာ ဒီကနေ့ ကျမ်းစာတော်မြတ်က ပြောနေတဲ့ ဖာရီဇေဦးများကဲ့သို့ ဖြစ်လာတာကို ဆင်ခြင်သတိပြုရမှာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေဟာ ဝါတွင်းကာလမှာ ချိုးခြံချွေတာခြင်း၊ မိမိစိတ်ကို ချုပ်တည်းခြင်း၊ အသားရှောင်ဝါရှောင်ခြင်း စသည့်ကောင်းမူကုသိုလ်ပါရမီများကို ကျင့်ကြံကြခြင်းဖြင့် ယေဇူးခရစ်တော်ရဲ့ ဒုက္ခကျင့်စဉ်၊ အသေခံခြင်းတို့မှာ ပါဝင်ခြင်းဖြင့် ယေဇူးခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း အသက်တာမှာလည်း ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်။
#ဘရာသာရ် အော်စကာ ဝေလွင်ဦး (MS)