29.1.2024 - Monday of Week 4 in Ordinary Time
စတုတ္ထအပတ် သာမန်ကာလ တနင်္လာနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 5:1-20- ရှင်မာကု ၅း၁-၂၀
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဒီတစ်လအတွင်းနတ်ဆိုး၏ အန္တရာယ်များအကြောင်း တောက်လျှောက်ကြားသိကြရလျက်ရှိပါသည်။နတ်ဆိုးဆိုသည်မှာ ကောင်းကင်သုခဟူသမျှနှင့်ဘုရားသခင်၏ ကတိတော်ဟူသမျှကို ဆုံးရှုံးထားသော မူလတန်ခိုးကိုပိုင်ဆိုင်ထားသော ကောင်းကင်တမန်များမှ လာကြောင်း ကျမ်းစာတော်မြတ်ကဖော်ပြထားပါသည်။၎င်းတို့၏ကြီးမားလှသောဆုံးရှုံးမှုများအားလုံးကို ဘုရားသခင်ကလူတို့အားလွှဲအပ်ပေးထားသည့်အတွက် လူသည်နတ်ဆိုးတို့၏ မနာလိုမှုအဖြစ်ဆုံးနှင့်တိုက်ခိုက်မှု အမြင့်ဆုံးခံရသောသတ္တဝါတစ်ခုဖြစ်လာလေသည်။ထို့ကြောင့်နတ်ဆိုးကိုလုံးဝလုံးဝအထင်မသေးမိစေရန်အထူးသတိပေးလိုပါသည်။အချုပ်အားဖြင့်နတ်ဆိုး၏အန္တရာယ်၂မျိုးရှိပါသည် •နှောက်ယှက်ခြင်း•ဝင်ပူးခြင်း သို့မဟုတ် ဖမ်းစားခြင်းတို့ပင်ဖြစ်သည်။၁။နှောက်ယှက်ခြင်းဟုဆိုရာတွင်မြင်၊ကြား၊နံ့၊ရသာ၊ထိတွေ့ခံစားခြင်းတည်းဟူသော အာရုံ ၅ ပါးတို့ကိုပတ်ဝန်းကျင်အရာ၊ သတ္တဝါ၊အကျိုး၊အကြောင်းတို့နှင့်ဆွဲဆောင် ဆက်စပ်ပေးကာအမှန်တရားနှင့်ဝေးရာသို့ တဖြေးဖြေးဆွဲခေါ်သွားနိုင်သောနတ်ဆိုး၏ စွမ်းပကားတစ်မျိုးပင်ဖြစ်ပါ၏။ဤဖြစ်စဉ်သည်ရိုးရှင်းလှပါသော်လည်း လူတို့ကို နေ့စဉ်ဒုက္ခကောင်းစွာပေးနိုင်သော နတ်ဆိုး၏လှည့်ကွက်တစ်ခုပင်ဖြစ်သည်။၂။ဝင်ပူးခြင်း ဆိုသည်ကား နတ်ဆိုးဟူသည်ခန္ဓာမဲ့သော ဝိညာဉ်သက်သက်သာဖြစ်သည်အလျှောက်လူ့ခန္ဓာတစ်ခုခုထဲသို့ဝင်ရောက်ပူးကပ်နိုင်သည်ကိုဆိုလိုပါသည်။နတ်ဆိုးပူးခြင်း၂မျိုးခွဲခြားနိုင်ပါသည်။•ပထမတစ်မျိုးမှာသဘာဝပူးခြင်းဖြစ်ပြီး၊•ဒုတိယတစ်မျိုးမှာ ပယောဃအတတ်ပညာများမှတစ်ဆင့်ပူးခြင်းတို့ပင်ဖြစ်ပါသည်။နတ်ဆိုးပူးခြင်း၏ အဓိကအကြောင်းရင်းမှာ မနာလိုဝန်တိုမှုပဲဖြစ်ပါသည်။ထို့ကြောင့် သိမ်မွေ့လှသောနတ်ဆိုး၏လှည့်ကွက်များမှ များစွာသောလူတို့သည် ပျက်စီးခြင်းသို့ရောက်ရလေပြီဟုကျွန်ုပ်ဆိုလျှင် မိတ်ဆွေလက်ခံနိုင်ပါမည်လော။မိတ်ဆွေတစ်ယောက် နတ်ဆိုး၏ အန္တရာယ်အပေါင်းတို့မှအစဉ်လွှတ်မြောက် နိုင်ပါစေကွယ်။