7.2.2024 - Wednesday of week 5 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၇ ရက်- သာမန်ကာလ ပဉ္စမပတ် - ဗုဒ္ဓဟူးနေ့
Mark 7:14-23 - မာကု ၇:၁၄-၂၃
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
တ-ဓမ္မ ၁၀:၁-၁၀။ ‘စိတ်ဆောင်လို့အောင်’ ‘စိတ်ထောင်းကိုယ်ကျေ’စတဲ့ ရုပ်ခန္ဓာအပေါ် စိတ်ရဲ့လွှမ်းမိုးနိုင်စွမ်းကို အားလုံးသိထားကြပြီးသားဖြစ်ပါတယ်။ဒီနေ့ ရှင်မာကုကျမ်းစာမှာ ကိုယ်ကာယအတွက်စားလိုက်တဲ့အစားအစာတွေက(ဝိညာဉ်ရေးရှုထောင့်အရ)သန့်ရှင်းပြီးစိတ်ထဲကထွက်တဲ့ကြံစည်တွေးခေါ်မှုတွေက မသန့်ရှင်းဘူးလို့လိုင်းမတူတဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းကို ချိတ်ဆက်တင်ပြထားတာတွေ့ရပါတယ်။ ယနေ့ခေတ်အစားအသောက်တွေ(ကျန်းမာရေးရှုထောင့်အရ)သန့်ရှင်းမှုအားနည်းလာတာလည်း အမှန်တရားတစ်ခုပါ။ရုပ်ခန္ဓာ သက်ရှင်ကျန်းမာဖို့ကျွေးရတဲ့ ကာယအစားအစာရှိသလို စိတ်နေသဘောထား မှန်ကန်မြင့်မြတ်အောင် ကျွေးရတဲ့စိတ်အစာဆိုတာလည်းရှိပါတယ်။ ဥပမာ-ဘာသာရေးစာပေ၊ရသစာပေ/အနုပညာ၊ပညာဗဟုသုတစသည်ဖြင့်ပေါ့။ဒါပေမယ့် ဆေးပညာအရ စားလိုက်တဲ့အစားအစာက ကိုယ်တွင်းပဋိဇီဝဖြစ်စဉ်တွေနဲ့ ဟော်မုန်းဓါတ်တွေအပေါ် သက်ရောက်ပြီး စိတ်ခံစားချက်တွေကို လွှမ်းမိုးနိုင်တာ ငြင်းလို့မရပါဘူး၊ သတိမထားတာတစ်ခုပါပဲ။ ဥပမာ-သွေးတိုး/ကျစေတဲ့အစားအစာ၊ ဆီးချိုတက်/ကျ စေတဲ့အစားအစာ၊ကင်ဆာဖြစ်စေ/ကာကွယ်နိုင်တဲ့ အစားအစာ၊ သွေးသား ဆန္ဒတက်ကြွစေတဲ့အစားအစာ…စသည်ဖြင့်။ ဒီသော့ချက်ကို စောင့်ကြည့်တတ်ဖို့ အသိ၊သတိနဲ့အလေ့အကျင့် ရှိဖို့လိုပါတယ်။နည်းလမ်းကောင်းတစ်ခုအနေနဲ့ “လူကို စိတ်ကအုပ်ချုပ်သည်၊ စိတ်ကို ပညာကအုပ်ချုပ်သည်၊ ပညာကိုဗဟုသုတ အုပ်ချုပ်သည်၊ သို့အတွက် ဗဟုသုတများအောင် စာအုပ်မျိုးစုံကို ဖတ်ရှုကြကုန်လော့...”လို့ ပီနန်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်ကျောင်းသားဟောင်း စာရေးဆရာ ပီမိုးနင်းက ပြောခဲ့ဖူးပါတယ်။ဘုရားသခင်ရဲ့ဗိမ္မာန်ဖြစ်တဲ့ မိမိရဲ့ခန္ဓာကိုယ်ကို မညစ်နွမ်းစေဖို့ရာ ကိုယ့်ရဲ့တာဝန်သာဖြစ်ပါတယ်။